Thursday, August 14, 2008

ဘာရထားလည်း မေးပါဦး

လူဆိုတာ ကိုယ်မြင်ဖူးတာ ကြားဖူးတာတွေကို အခြေခံပြီး စဉ်းစားတာဆိုတော့ ဘဝအတွေ့အကြုံမတူရင် အမြင်လည်းမတူဘူး၊ ဒီလိုလူတွေ အချင်းချင်းတွေ့ဆုံတော့ မတူတဲ့ အမြင်တွေ ဖလှယ်ကြတာ သိပ်အကျိုးရှိတယ်။ မင်းဘယ်သူ၊ ငါဘယ်သူ ပွင့်ပွင့်လင်းလင်းပြောဆိုလို့ ရရင်သိပ်ကောင်းမယ်၊ အခုတော့ အဲဒီလို မသိကြတော့ ကြားလူက ဝင်နှောင့်တာ၊ ဝင်ရန်တိုက်တာ ဖြစ်လာနိုင်တယ်။ တချို့စာအုပ်တွေမှာ ဒီလို ဖတ်ရတယ် ( စာအုပ်ပြုစုသူ၏ အမြင်ဟု မဆိုလိုပါ၊ ဆွန်ဇူး၏ အမြင် ဖြစ်ပါသည် ) ။

စစ်ဗိုလ်ချုပ်တို့၏ အခြားအမြင့်မားဆုံး အရည်အချင်းတရပ်မှာ ရန်သူတို့၏ အင်အားစုများကို ပူးပေါင်းခြင်း မပြုနိုင်အောင် ဟန့်တားထားနိုင်မှုဖြစ်သည်။
ရန်သူ့နိုင်ငံအား ထိခိုက်နစ်နာစေရန် နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်ရန်လိုအပ်၏။ ထိုနည်းလမ်းများမှာ ရန်သူ့နိုင်ငံမှ အကြံပေးပညာရှိ မူးမတ်များကို သွေးဆောင်စည်းရုံး၍ စွန့်ခွာစေခြင်း၊ သူလျှို အထောက်တော်များစေလွှတ်၍ အုပ်ချုပ်ရေးပျက်ပြားအောင် ဖန်တီးစေခြင်း၊ အာဏာရှိ မူးမတ်များအား ပရိယာယ်သုံး၍ သွေးကွဲစေခြင်း၊…..ရန်သူ၏ မဟာမိတ်များက ရန်သူကို မကူညီစေရန် သံတမန်နည်းများဖြင့်ဆောင်ရွက်ခြင်း၊
အဓိကအားဖြင့် နိုင်ငံရေးနှင့်သံတမန်ရေးရာများတွင် လှည့်ဖျားစစ်ဆင်ရာ၌ ရန်သူ၏မဟာမိတ်နှင့် ရန်သူတို့အကြား သဘောထားကွဲလွဲစေရန်လည်းကောင်း၊ ရန်သူ့အဖွဲ့အစည်းအတွင်း စည်းလုံးမှုပြိုကွဲစေရန်လည်းကောင်း ဖန်တီးခြင်းမျိုးဆောင်ရွက်သင့်သည်။
( စစ်မဟာဗျူဟာအမြင် ၊ ဗိုလ်မှုးကြီးမြင့်အောင် )
( ဆန်ဇု၏စစ်ပညာကျမ်း၊ လကရ(ထွေ) ၀၀၁၀၊ လေ့ကျင့်ရေးညွှန်ကြားရေးမှုးရုံး၊ ၁၉၅၉ ခုနှစ်၊ ဧပြီလ )

ကိုယ့်အချင်းချင်း မပွင့်လင်းနိုင်တာကို အဲဒီလို အခွင့်ကောင်းယူပြီး ခြုံခိုတိုက်မည့်သူတွေကို တော့သတိထားကြပါ၊ ကိုယ့်စကားကို ထောက်ခံသလိုလိုနဲ့ အလွန်အကျွံဘက်ဆွဲသွားရင် ကိုယ်ကိုယ်တိုင်တားပေးပါ။ အခု တိုင်းပြည်အတွက် တကယ့်စေတနာနဲ့ပြောတဲ့သူတွေ အများကြီးတွေ့ရလို့ သိပ်ဝမ်းသာတယ်။

Cbox မှာဆဲတဲ့ဆရာတွေကိုလည်း မှာချင်တယ်၊ တခါတလေ ဆဲလိုက်တာက စိတ်ထဲက အကျိတ်အခဲတွေ ဖွင့်ထုတ်လိုက်ရလို့ စိတ်ကျန်းမာရေးအတွက်တောင် ကောင်းတယ်ပြောရမယ်၊ ဒါပေမယ့် ဆဲချည်းနေရင် နောင် ဘာမှ ရှည်ရှည်ဝေးဝေး မစဉ်းစားပဲ ကိုယ်မကြိုက်တိုင်း ဆဲချည်းပဲနေတဲ့ အကျင့်ဆိုးကြီး ပါသွားဦးမယ်။ ဒေါသအလျှောက်တော့ ဆဲပြီးပြီ၊ ဒေါသမပါပဲ ငါတကယ်ပြောသင့်တာ ဘာလဲ ဆက်စဉ်းစားစေချင်ပါတယ်။

နောက်တခုက ဆွေးနွေးရာမှာ လူငယ်တွေကို ဦးစားပေးစေချင်တယ်။ မသိလို့ ရိုးရိုးသားသား ကန့်ကွက်တာ၊ မေးခွန်းထုတ်တာကို “ခွေးသားလေး၊ မင်းဘာသိလို့လဲ၊ ဒါတွေဟိုဟာတွေသိရဲ့လား၊ မသိပဲလာမပြောနဲ့ ” လို့ချည်း အညွန့်ကျိုးလောက်အောင် မဟောက်ပဲ စိတ်ရှည်သည်းခံပြီး ရှင်းပြစေချင်ပါတယ်။ အဖိုးကြီးတွေ “ငါ့မြေးကြီးလာရင် မင်းမြေးတွေကိုသတ်လိမ့်မယ်ကွ” ဆိုပြီး ရန်ညှိုးတွေကို အမွေပေးတာမျိုးတွေလည်း မလုပ်စေချင်ပါ။ ကိုယ့်အချင်းချင်းကြားက ရန်ညှိုးတွေ ကိုယ့်သင်္ချိုင်းမှာ တပါတည်း မြှပ်လိုက်စေချင်ပါတယ်။
ဦးနုက စင်ပြိုင်အစိုးရကြေငြာလို့ ဦးနေဝင်းက အာဏာသိမ်းခိုင်းလိုက်တာ အခုထိ အားလုံး ဒုက္ခရောက်နေရပါတယ်။ အခုလည်း လူငယ်စစ်သားလေးတွေနဲ့ လူငယ်ကျောင်းသားလေးတွေ ရန်စောင်နေတာ တိုင်းပြည်အနာဂတ်အတွက် မကောင်းပါ။

ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာလည်း ပြောချင်ပါတယ်။ ဗိုလ်ချုပ်မှုးကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး အတွက်ပါ။ ဘယ်သူမှ ချို့ယွင်းချက် မကင်းပါ၊ အိမ်ထောင်ရေးပြဿနာ၊ မိသားစုပြဿနာ လူတိုင်းမှာ ရှိပါတယ်၊ သမိုင်းထဲက ခေါင်းဆောင်တွေရဲ့ ဘဝတွေကို လေ့လာကြည့်ပါ၊ ပြောချင်ရင်လည်း ခေါင်းဆောင်မှုကိစ္စနဲ့ မနွယ်စေချင်ပါ၊ ဥပဒေချိုးဖေါက်ရင် တရားစွဲပါ၊ ခေါင်းဆောင်မှု မှားရင်၊ ညံ့ဖျင်းရင် နေရာက ဖယ်ရှားပြစ်ပါ။ လူမှုရေးကိစ္စတွေကိုတော့ ကိုယ်ချင်းစာသောအားဖြင့် လျစ်လျူရှုစေချင်ပါတယ်။

နောက်တခုကတော့ အချင်းချင်း နားလည်မှုရှိအောင်ကြိုးစားကြဖို့၊ ကောင်းတာတွေလည်း မြင်ကြဖို့ ပြောချင်ပါတယ်။ ကိုယ်တိုင် လက်နက်ကိုင် တိုက်လာပြီး ကိုယ့်သားမြေးတွေကျတော့ ဒီလိုဒုက္ခတွေ မကြုံစေချင်တော့လို့ အလျော့ပေးလာတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ၊ “မတရားတာလုပ်ရင် မခံဘူး၊ ဘာပဲဖြစ်ဖြစ် ပြန်ချမယ်” ဆိုတဲ့ လူငယ်တွေ၊ နိုင်ငံခြားမှာ စားဝတ်နေရေးအတွက် ရုံးကန်နေရတဲ့ကြားထဲက အချိန်လေးဖဲ့ပေးပြီး မမောနိုင်မပန်းနိုင် ကိုယ့်နိုင်ငံအရေး ပြောဆိုငြင်းခုံနေတဲ့သူတွေ၊ အားလုံးဟာ လေးစားစရာလူတွေပါ ( ဒီလို အခြေအနေဆိုးကြီးကို အမြတ်ထုတ်အခွင့်ကောင်းယူပြီး မတရားစီးပွားရှာနေသူတွေကိုတော့ ဖယ်ရှားသင့်ပါတယ် ) ။ တချို့လူတွေကတော့ ဘေးလွတ်ရာ ပြေးခိုရင်း ကိုယ့်လူမျိုးတွေကို ဒုက္ခတွင်းမှာ ချန်ထားခဲ့ရတာ ကြည့်ပြီး ကိုယ့်ကိုကိုယ် အပြစ်မကင်းသလို ခံစားရပြီး ဒီဒုက္ခကနေ မြန်မြန်ကျွတ်စေချင်လွန်းလို့ အသေခံဗုံးခွဲခိုင်းတဲ့သူကခိုင်း၊ နအဖ လုပ်သမျှ တရားသလား၊မတရားသလား မကြည့်တော့ပဲ အတင်းအလျှော့ပေးခိုင်းသူကခိုင်းနဲ့ မှားယွင်းတဲ့ အကြံတွေ ပေးနေမိတာလဲ ရှိရဲ့။ ရိုးရိုးသားသား ဒီလိုပြောမိတဲ့သူတွေကို ပိုက်ဆံပေးတဲ့သူအကြိုက်လိုက်ပြောနေတဲ့ “နိုင်ငံရေး ဖာသည်” တွေနဲ့ တန်းတူထားပြီး ဆဲဆိုပြစ်တင်တော့ မပြုသင့်ဘူး ထင်ပါတယ်။

စကားစပ်လို့ ဆိုရရင် ဒေါ်အောင်ဆန်းစုကြည် ကို sanction ကိစ္စနဲ့ အပြစ်တင်တာ မတရားဘူးလို့ ရှေ့နေလိုက်ပါမယ်။ လက်ရှိ ကမ္ဘာမှာ လက်နက်မကိုင်ဘူးဆိုရင် ဥပဒေဘောင်အတွင်းက တရားဝင်အရေးယူနိုင်တာ ဒီတနည်းပဲရှိပါတယ်။ လုံခြုံရေးကောင်စီ မှာလဲ ဒီလက်နက်ပဲသုံးပါတယ်။ နအဖ ရဲ့ မတရားမှုတွေကိုလည်း ဆန့်ကျင်တယ်၊ လက်နက်လည်း မကိုင်ချင်ဘူး၊ လေနဲ့ဆန့်ကျင်ရုံ မဟုတ်ပဲ တကယ်လည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်လိုရင် ဒီနည်းပဲရှိပါတယ်၊ အခုကြုံရတဲ့ ပြဿနာက ဒီနည်းက ဆင်းရဲသားတွေကို ပိုထိပြီး၊ လူတွေဘယ်လောက်ကြပ်ကြပ် ဆင်းပေးစရာမလိုတဲ့ အစိုးရမျိုးမှာ သွားသုံးမိလျက်သား ဖြစ်နေလို့ပါ။ ဒီထက်ကောင်းတဲ့နည်းကို ရှာဖွေကျင့်သုံးသင့်ပါတယ်၊ တကယ်လို့ sanction သာမရှိခဲ့ရင်လည်း နအဖ ရဲ့ အချိုး၊လေသံ ဘယ်လိုရှိမယ် အားလုံး မှန်းကြည့်လို့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားတခွန်းပြောလိုက်တာနဲ့ sanction တွေ ပြန်ရုပ်သွားလိမ့်မယ်ဆိုတာကတော့ လေးလေးဝါး ( ကလေးအတွေး ) သာ ဖြစ်ပါလိမ့်မယ်။ ဒီကိစ္စက အနောက်နိုင်ငံတွေရဲ့ ကျင့်ဝတ်ဂုဏ်သိက္ခာနဲ့ ပိုဆိုင်ပါတယ်၊ မြန်မာအစိုးရဘက်က ခိုင်လုံတဲ့ ကတိတွေပေးနိုင်မှ၊ အလားအလာကောင်းတွေ ရှိလာမှ ပြန်ရုပ်လိမ့်မယ် ထင်ပါတယ်။

ဆက်စပ်ပြောရရင် အတိုက်အခံတွေကို လက်နက်ကိုင်စေချင်တာ နအဖ ဘက်က ဖြစ်ပါတယ်။ “မင်းတို့တောခိုချင်ရင် နယ်စပ်အထိ လိုက်ပို့ပေးမယ်” လို့ တောင်စိန်ခေါ်ဖူးပါတယ်။ သဘောထားကွဲလွဲမှုတိုင်းကို ဒီလို အင်အားသုံးဖြေရှင်းတာ မကောင်းတဲ့ အစဉ်အလာတခု ဖြစ်ပါတယ်။ အရင် ပြည်တွင်းသူပုန်ခေတ်ကလည်း ညှိနှိုင်းရေး နဲ့ အပြုတ်တိုက်ရေးမှာ အရွေးမှားလို့ အခုထိ ပြဿနာရှည်ခဲ့ရပါတယ်။ ကိုယ့်သဘောထားကို သဘောမတူတဲ့သူတိုင်းကို ရက်ရက်စက်စက် နှိပ်ကွပ်တာ အမျိုးသားနိုင်ငံရေး မဟုတ်ပါ။ အမျိုးသားနိုင်ငံရေးကို တားဆီးနေတာ ဖြစ်ပါတယ်၊ တမျိုးသားလုံး ကိုယ်ပြောစရာရှိတာ ပြောဆိုညှိနှိုင်းနိုင်မှ အမျိုးသားနိုင်ငံရေး ဖြစ်ပါမယ်။ နအဖ ဘက်က ပြုပြင်သင့်တဲ့ အပိုင်း ဖြစ်ပါတယ်။ မကောင်းတဲ့ “အပြုတ်တိုက်” အစဉ်အလာကို စွန့်လွှတ်သင့်ပါပြီ။

တပါတည်း အတိုက်အခံဘက် က NLD အကြောင်း ကျွန်တော့်အမြင်ကို ဆက်ပြောပါရစေ။ ပါတီတွင်းဒီမိုကရေစီ စသည်ဖြင့် ငြင်းခုံမှုများနဲ့ ပတ်သတ်လို့ ပြောရရင် organizational structure ဆိုတာ အဲဒီအဖွဲ့က ဆောင်ရွက်မည့် functions တွေအတွက် အကောင်းဆုံးဖြစ်အောင် tune လုပ်ထားရပါတယ်။ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထားတဲ့အဖွဲ့ကို စစ်တိုက်ခိုင်းရင် ဆွေးနွေးငြင်းခုံ နေတာနဲ့ အကုန်သေကုန်ပါလိမ့်မယ်။ ထက်အောက်အမိန့်နာခံမှု၊ တာဝန်ယူမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကို တိုင်းပြည်အုပ်ချုပ်ခိုင်းရင် တပ်တွင်းမှာလည်း စည်းကမ်း၊ စိတ်ဓါတ်တွေပျက်၊ တိုင်းပြည်လည်း အကုန်ပျက်စီး မွဲပြာကျကုန်လိမ့်ပါမယ်။ ကိုယ်လုပ်မရတဲ့ အလုပ်ကို ဇွတ်မလုပ်သင့်ပါ၊ အများနစ်နာပါတယ်။ မြန်မာပြည်မှာရှိတဲ့ အဖွဲ့အစည်းတိုင်းလိုပဲ NLD လည်းဖွဲ့စည်းပုံညံ့တာ အဆန်းမဟုတ်ပါ၊ မြန်မာတွေအားလုံး အဓိကထား သင်ယူလေ့လာရမည့် ပညာရပ်ဖြစ်ပါတယ်။ နအဖ ရော NLD မှာပါ လူသစ်လဲသင့်တာ လူတိုင်းသိပါတယ်။ ဒါပေမယ့် သတ္တိ၊ ပညာ၊ စိတ်ဓါတ် ကောင်းတဲ့ လူငယ်လူသစ်တွေ ဘယ်မှာလည်း။ လုပ်ပါ့မယ်ဆိုရင်ကော လူငယ်တွေရဲ့ အတွေးအမြင်အသစ်တွေနဲ့ လုပ်ခွင့်ရပါ့မလား၊ လိုအပ်လို့ ၁၈၀ ဒီဂရီ လမ်းကြောင်းပြောင်းမယ်ဆိုရင် ခွင့်ပြုမှာလား။ လှူုငယ်အချင်းချင်းညှိနှိုင်းရသွားလို့ အဆင်ပြေသွားရင်တားဆီးမှာလား။ လမ်းမှား၊စံနစ်မှားကြီးကိုပဲ ဆက်လျှောက်ရမယ်ဆိုရင် ဘယ်လို လူကောင်းက ဝင်လုပ်ပါ့မလဲ။ လောဘကြီးတဲ့ အခွင့်အရေးသမား၊ အထက်ဖားအောက်ဖိ၊ conscience မရှိတဲ့ လူငယ်တွေပဲ ဝင်လုပ်လိမ့်မယ်။ အစစ်အမှန်ပြောင်းလဲမှုရှိမယ်၊ ကိုယ်နဲ့ မိသားစု အန္တရာယ်မရှိရင် တိုင်းပြည်အတွက် ဦးလည်မသုန်လုပ်မဲ့ လူငယ်၊ လူလတ်တွေ အများကြီးထွက်လာလိမ့်မယ်၊ အခုတော့ နအဖ ရဲ့ ရက်ရက်စက်စက်လုပ်တဲ့ အကျင့်ကို ကြောက်ရလို့ အရေးကြုံရင် ရူးချင်ယောင်ဆောင်နေကြတယ်။ ဒီလောက်နှိပ်ကွပ်နေချိန်မှာ ပါတီတွင်းဒီမိုကရေစီ ဟာ “ကျားလိုက်တုန်း ဝါစဉ်ရွေး” ဖြစ်နေလိမ့်မယ်။ လူသစ်တွေတင်သင့်တာတော့ အမှန်ပါ။ ဒါပေမယ့်လာလုပ်ဝံ့တဲ့ လူငယ်ရှားပါတယ်၊ မဟုတ်မခံချင်စိတ်တခုတည်းနဲ့ ဘဝပျက်၊ အသက်အသေခံဝံ့တဲ့ သတ္ထိခဲတွေ သာ လောလောဆယ်ရှိနေပါတယ်။ နအဖကတော့ ၉၀ ရလာဒ်ဟာ NLD ပျက်မှ ပျက်မှာမိုလို့ သေချာပေါက်ဖျက်ဖို့ ကြိုးစားပါလိမ့်မယ် ။ ပါတီတွင်းဖြစ်ရပ်မှန်တွေကို အင်တာနက် ကတဆင့် ပြည်သူကို မတင်ပြနိုင်တာ အဆိုးဆုံး အားနည်းချက်လို့ ထင်ပါတယ်။

တတိယအုပ်စု ( Third Party ) အမည်ရ ပုဂ္ဂိုလ်တွေ အကြောင်းပြောပါမယ်။ သူတို့တွေအားလုံးက ဒုက္ခရောက်နေတဲ့ ပြည်သူလူထု၊ ယိုယွင်းယိမ်းယိုင်နေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကို ထောက်ထားပြီး ကိုယ့်ဘက်ကမှန်ပေမယ့် နအဖ ကို အတိုက်အခံချည်းပဲ ဆက်မလုပ်နဲ့၊ တတ်နိုင်သလောက်အလျော့ပေး ရသလောက်အခွင့်အရေးယူပြီး တိုင်းပြည်ကောင်းရာကောင်းကြောင်းတွေ စ လုပ်ထားကြဖို့ တိုက်တွန်းကြပါတယ်။ ရည်ရွယ်ချက်တူကြပေမယ့် လက်တွေ့လုပ်ဆောင်ပုံ ကွာခြားကြပါတယ်။ တချို့က နအဖ ကို မျက်နှာချိုသွေးတာလွန်ပြီး နအဖ မတရားတာတွေကိုတောင် ကာကွယ်ဖာထေးလွန်းလို့ ဖာသည်ကြီးလို့ အပြောခံရတယ်၊ နအဖ ကြက်တူရွေး က မပေးတဲ့ ကတိတွေကို ရမှာသေချာတယ်လို့ မစားရ ဝခမန်းတွေ ကဲပြောကြတယ်၊ နအဖ က မျက်နှာပြောင်တိုက်ပြီး သူရေးတဲ့စည်းကမ်း သူဖေါက်သွားတော့ သူတို့လဲ မျက်နှာပြောင်တိုက်ပြီး မသိချင်ယောင်ဆောင်နေကြတယ်။ တရားမျှတမှုတို့၊ အမှန်တရားတို့ကို ဂရုမစိုက်ဘူးဆိုရင် ဘာလို့နိုင်ငံရေးလုပ်နေမလဲ။ အခု အမှန်ကို လေသံတောင် မဟ ရဲရင် လွှတ်တော်ထဲကျမှ တကယ်ဖဲ့မယ်ဆိုတာ စိတ်ချရပါ့မလား။ နအဖ ကိုပူးသတ်ပြီး ဇပ်ကနဲ ဓားနဲ့ထိုးမယ့်သူတွေ လောလောဆယ်အလေ့အကျင့်ရအောင် ဒေါ်အောင်ဆန်းစုကြည် ကျောကိုဓားနဲ့ ထိုးနေကြတယ်။ ရောမကို ပိုချစ်လို့ ဆီဇာ့ကို သတ်လိုက်ရတယ် ပြောဦးမလား မသိပါ ။ တတိယလမ်းကြောင်းတခု ရှာမပြပဲ နအဖ လမ်းကိုလိုက်မယ့်သူတွေကို တတိယအုပ်စုလို့ သတ်မှတ်ရ ခက်နေတယ်။ ရည်ရွယ်ချက်ကောင်းတဲ့ ပညာတတ်တွေဖြစ်ပေမယ့် စိတ်ဓါတ်နဲ့ ရပ်တည်ချက်တွေကို အားမရဘူး၊ ကိုယ့်ဇာတ်ကိုယ်နိုင်အောင်သာ ကကြပါလို့ပဲ ပြောချင်တော့တယ်။ မွန်မြတ်တဲ့လက်တွေ့လုပ်ရပ်နဲ့ တတိယအုပ်စုတွေ ထွန်းကားလာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

နောက်ဘာဆက်လုပ်လို့ ဘာဆက်ဖြစ်ကြမယ်နဲ့ပတ်သတ်လို့ ဆွေးနွေးနေကြတာတွေကို ပြန်စုစည်းတင်ပြရရင်တော့

အင်အားသုံးတဲ့နည်းမှာ လုံခြုံရေးကောင်စီ၊ အမေရိကန် တဦးဦးရဲ့ ခေါင်းဆောင်မှုအောက်ကနေ စစ်ရေးအရ အရေးယူတာနဲ့ တရုတ်၊အိန္ဒိယ တို့ပူးပေါင်းပါဝင်တဲ့ ထိထိရောက်ရောက် စီးပွားရေးပိတ်ဆို့မှု နည်း ၂ ခုကို တင်ပြကြပါတယ်။

တွေ့ဆုံဆွေးနွေးရေးနည်းမှာ တရုပ်၊အိန္ဒိယ တို့ရဲ့ကြားဝင်ကူညီမှုဖြင့် နအဖ နှင့် အတိုက်အခံတွေ ဆွေးနွေးပြီး
၁. ၉၀ ရလာဒ်ကို အကောင်အထည်ဖေါ်ကာ NLD က အစိုးရဖွဲ့ခြင်း ( ၉၀ ရလာဒ်ကို အစမဖျောက်နိုင်ရင် ၁၉၉၀ အစိုးရ နဲ့ ၂၀၁၀ အစိုးရ စင်ပြိုင် ဖြစ်လာနိုင်ပါတယ် ၊ ဒီလိုမဖြစ်အောင်၊ တကယ်လို့ ဖြစ်လာရင် နအဖ က အင်အားသုံးဖြိုခွင်းပါလိမ့်မယ် )
၂. နအဖ နဲ့ NLD ပူးတွဲ အစိုးရ ဖွဲ့ခြင်း ၊ သို့မဟုတ် နအဖ က key positions များလောက်သာယူထားပြီး ကျန်နေရာများဖြင့် NLD က အစိုးရဖွဲ့ခြင်း
၃. Roadmap ကို All-inclusive ဖြစ်အောင်ပြင်ဆင်ပြီးမှ ဆက်လုပ်ခြင်း တို့ကို ဆွေးနွေးတာတွေ့ရပါတယ်။

ဒါတွေဘာမှ ဖြစ်မလာရင်တော့ လက်ရှိ နအဖ စိတ်တိုင်းကျ Roadmap အတိုင်း ရွေးကောက်ပွဲ ဝင်ကြရမှာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးကြတာတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့်ရကြမလား၊ သူတို့ကကော ဝင်ပြိုင်မလား၊ အခုလက်ရှိမတရားအတားအဆီး အချုပ်အချယ်တွေကို ဖယ်ပေးလိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုနဲ့ NLD ပါတီ အလျင်အမြန် ပြန်လည်အင်အားကြီး လာနိုင်မလား၊ ဒီလိုဖြစ်မလာအောင် ဘယ်နည်းတွေနဲ့ နအဖ ညစ်မလဲ၊ လက်ရှိအနိုင်ရ NLD မဖျက်ရသေးပဲ နအဖ ရွေးကောက်ပွဲလုပ်ပြီး အစိုးရအသစ်တင်ဝံ့ပါ့မလား၊ အစိုးရသစ်ထဲ အချောင်ဝင်ထိုင်နေတဲ့ စစ်သားတွေကို အစိုးရဘယ်နှစ်ဆက်လောက်ပြီးရင် ဖယ်ရှားနိုင်မလဲ၊ အစိုးရသစ်မှာ တရားဝင် စစ်တပ်သြဇာ ကျသွားမလား၊ ပိုအားကောင်းလာမလား စသည်တို့ဖြစ်ပါတယ်။ နအဖ အနေနဲ့ကတော့ သူတို့လူ သမ္မတ ရရင်ရ၊ မရရင်လည်း ကာကွယ်ရေးဦးစီးချုပ်က စစ်တပ်ရဲ့ တထီးတနန်းကြီးစိုးမှုကို ဆက်လက်ထိန်းသိမ်းဖို့ နှစ်ဆင့်ကာထားပါတယ်။ ဒီလို စစ်တပ်က တရားဥပဒေအထက်မှာ ရှိနေသ၍တော့ နယ်တွေမှာ စစ်တပ်ရဲ့ လူအခွင့်အရေးချိုးဖေါက်မှု တွေကနေ ဒေသခံတိုင်းရင်းသားတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့လဲ ဆိုကြပါတယ်။ လက်ရှိမှာတော့ နအဖ ဘက်က ညီလာခံတက်ထားတဲ့ အဖွဲ့တိုင်းကို သူတို့ရဲ့ အခါပေး တဆည ပါတီ၊ ပြည်သူအရေခြုံ ကြံ့ဖွံ့ပါတီ တို့နဲ့ ဖိအားပေး မဟာမိတ်ဖွဲ့စေပြီးတော့ တိုင်းရင်းသားမဲတွေ အရယူဖို့စီစဉ်ထားပါတယ် ( ကြံ့ဖွံ့မှာ ဝန်ထမ်းတွေကို ဖိအားပေးထည့်သွင်းထားတဲ့အတွက် ဝန်ထမ်းနိုင်ငံရေးမလုပ်ရ စည်းကမ်းအရ တဖွဲ့လုံးကို နိုင်ငံရေးပါတီ ပြောင်းဖို့ ဥပဒေအရ အခက်အခဲ ရှိနိုင်ပါတယ်၊ ကလိမ်ကကျစ်တခု ထပ်လုပ်ရပါမယ်)။ တိုင်းရင်းသားတွေကတော့ ကိုယ့်တိုင်းရင်းသားအကျိုး ကာကွယ်မည့် အရပ်သားပါတီတခုဖွဲ့ ပြီး ရွေးကောက်ပွဲဝင်ခိုင်းမယ်၊ ကိုယ်ဒေသအတွင်း ရွေးကောက်ပွဲ တရားမျှတမှုရှိအောင် လက်နက်ကိုင်အဖွဲ့က စောင့်ရှောက်ပေးမယ် စသည်ဖြင့် စဉ်းစားနေပုံ ရပါတယ် ( ဒီနေရာမှာ အဲဒီ လက်နက်ကိုင်အဖွဲ့က ဘက်လိုက်မှုလုပ်မလုပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲရလာဒ်ရရင် လက်နက်ကိုင်အဖွဲ့ကို ဖျက်ဖို့သဘောတူမှာလား၊ နအဖ က ဘယ်အဆင့်ကတည်းက လက်နက်ကိုင်အဖွဲ့ကို အတင်းဖျက်ခိုင်းမလဲ စသည်ဖြင့် စဉ်းစားစရာ ရှိပါတယ် )။ စုစည်းထားတဲ့ အတိုက်အခံသဘောမရှိတော့ပဲ save your own ass သဘောနဲ့ ရွေးကောက်ပွဲ ဝင်ကြရမည့်ပုံပါ။ တက်လာတဲ့ အစိုးရအဆက်ဆက်ကလည်း တနိုင်ငံလုံးအတွက် အကောင်းဆုံးမဟုတ်တဲ့ ဖွဲ့စည်းပုံနဲ့ ဖြစ်သလို၊ ရသလောက် ဆက်စခန်းသွားရမှာ ဖြစ်ပါတယ်။ တပ် နဲ့ ပြည်သူ၊ တိုင်းရင်းသားအချင်းချင်းကြား အကြေအလည် မဖြေရှင်းရသေးလို့ မကျေနပ်ချက်တွေ ဆက်မျိုသိပ်ထားကြရမှာ ဖြစ်ပါတယ်။ ကောင်းအောင်ပြင်မယ်ဆိုရင်လည်း ပြင်ရခက်အောင်လုပ်ထားတဲ့ အတားအဆီး အမျိုးမျိုးကို အရင် ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။ ဒီခရီးကို အဲဒီပုံအတိုင်းသွားဖို့ တတိယအုပ်စုတွေက စိတ်စောနေကြပါပြီ။

နောက်တခုက ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲချင်းကွာခြားပုံပါ၊ ပထမတခုကို ဗိုလ်စောမောင် က လုပ်ပေးပြီး နောက်တခုကို ဗိုလ်သန်းရွှေက လုပ်မှာပါ။ သူတို့နှစ်ယောက်ရဲ့ စိတ်ဓါတ်ချင်းကွာခြားမှုဟာ အဓိကဖြစ်ပါမယ်၊ ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲဟာ ဗိုလ်သန်းရွှေရဲ့ သိက္ခာသမာဓိကို ပြနေပါတယ်။ အချို့ တတိယအုပ်စုတွေကတော့ နအဖ ကို ရင်မဆိုင်ပဲမွေးထားတဲ့ အားတွေအကုန်စုပြီး ရွေးကောက်ပွဲဝင်ဖို့တာစူနေပါပြီ၊ ရထားကြီးထွက်တော့မယ်၊ တက်ကြ၊ တက်ကြလို့ ဆော်သြနေကြပါတယ်၊ ဘယ်သွားမယ့် ရထားလည်း သေချာမပြောကြပါဘူး၊ တော်ကြာ မန္တလေးသွားမယ့်သူ မြို့ပတ်ရထားစီးမိနေမှာ စိုးရိမ်ရပါတယ်။ ဝါဆောသွားမှာလား၊ ဆိုက်ဗေးရီးယား ပို့မှာလား၊ Auschwitz မှာ ဂိတ်ဆုံးမှာလား အရင်စုံစမ်းကြပါဦး၊ ဘယ်လိုဖြစ်ရင် ဘယ်လိုလုပ်ရမယ် ကြိုစဉ်းစားကြပါဦး လို့ တိုက်တွန်းချင်ပါတယ်။

နောက်ဆုံးပိတ်အနေနဲ့ မဖြစ်နိုင်မှန်းသိပြီးသား အတွေးတခုကို တင်ပြချင်ပါတယ်။ နိုင်ငံခြားသားတိုင်းက မင်းတို့မြန်မာတွေကို ကူညီချင်ရင် အဖွဲ့တွေများလွန်းလို့ ဘယ်သူနဲ့ဆက်သွယ်ရမှန်း မသိဘူးလို့ ပြောကြတယ်။ အရင်က လွတ်လပ်ရေး ဆိုတဲ့ ဘုံရည်မှန်းချက်နဲ့ ဖဆပလ လို အများစုပါဝင်တဲ့ တပ်ပေါင်းစု ဖွဲ့ပြီး ဘုံရန်သူ ကိုလိုနီ နယ်ချဲ့စံနစ်ကို ဖယ်ရှားနိုင်ခဲ့တယ်။ အခုလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ ဘုံရည်မှန်းချက်နဲ့ အတိုက်အခံအားလုံး စုစည်းပြီး မြန်မာတနိုင်ငံလုံးကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့ကြီးဖွဲ့ ၊ မြန်မာတနိုင်ငံလုံး၊ တကမ္ဘာလုံးက လက်ခံနိုင်မည့် စီးပွားရေး၊ နိုင်ငံရေး လမ်းကြောင်းတွေကို ချပြပြီး တပ်မတော် ကိုလည်း “ကျုပ်တို့တွေ ဒီအတိုင်းလုပ်ရင် နိုင်ငံပြိုကွဲစရာ မဖြစ်နိုင်ပါဘူး၊ အားလုံးကို ဒုက္ခပေးနေတဲ့ ဘုံရန်သူ စစ်အာဏာရှင် စံနစ်ဆိုးကို ဖျက်သိမ်းကြစို့” ဆိုပြီး proposal တင်နိုင်ရင် ကောင်းမယ်ထင်တယ် ။ တပ်မတော်ထဲမှာလည်း ကမ္ဘာ့အခြေအနေ အရပ်ရပ်ကိုလည်းမြင်နိုင်၊ ဒါတွေနဲ့ ကိုက်ညီမယ့် တပ်မတော်အတွက် လမ်းကြောင်းအသစ်ကိုလည်း ချနိုင်မယ့် အိုင်ဒီယာအသစ်နဲ့ လူငယ်တွေ နေရာရလာရင် ကောင်းမယ်လို့ ထင်ပါတယ်။ Crimson Tide ဆိုတဲ့ ရုပ်ရှင်တခုထဲမှာ Nuclear လက်နက်တင် ရေငုပ်သင်္ဘောတစီးပေါ်မှာ CO ကြီးက “ဂျပန်ကို အနုမြူကြဲတာမှန်တယ်၊ ငါသာဆိုရင် တလုံးထပ်ကြဲဦးမယ်” ဆိုပြီး သင်ယူလာတဲ့ ဒုတိယကမ္ဘာစစ်မီတဲ့ သမ္ဘာရင့်စစ်သားကြီး ၊ XO လေးက “စစ်ပွဲမှာ တကယ့်ရန်သူအစစ်က စစ်ပွဲ ပဲ၊ မတတ်သာလို့ စစ်ဖြစ်ရင် အမြန်ဆုံး ပြန်ရပ်နိုင်အောင်ကြိုးစားရမယ်” ဆိုပြီး သင်ယူထားတဲ့ တက်သစ်စ၊ ပြဿနာတခုကို နှစ်ယောက် မတူတဲ့ အမြင်နဲ့ ရှင်းကြပြီး နောက်ဆုံးမှာ CO ကြီးက ခေတ်သစ်မှာ သူကငါ့ထက်ပိုသင့်တော်တယ်ဆိုတာ လက်ခံပြီး သူကအနားယူ၊ လူငယ်လေးကို ရာထူးတင်ပေးသွားတာ သဘောကျတယ်။ Old Gen တွေအနားယူပြီး New Gen တွေ ကို လက်လွှဲရမယ့် အချိန်ရောက်ပြီလို့ လည်း ယုံကြည်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ဓါတ်တွေ၊ အရည်အချင်းတွေ ကြောင့် လက်တွေ့ဖြစ်နေတာတွေ မြင်ရပြန်တော့ မြန်မာပြည်ကြီး ကမ္ဘာ့ထိပ်တန်းရောက်နေတဲ့အကြောင်း အိမ်မက်မက်နေတုန်း “ဆိုက်ကား အားလား” ဆိုမှ လန့်နိုးလာတယ်ဆိုတဲ့ ဟာသ ကိုသတိရမိတယ်။ “မင်းကမှ လေးလေးဝါး အစစ်” လို့ပြောရင်လည်း စိတ်ဆိုးမယ် မဟုတ်ကြောင်းပါ ခင်ဗျား။

ကြောက်ခံမဲ ၉၂.၄၈%

ကြောက်ခံမဲ ၉၂.၄၈%

ဆန္ဒခံယူပွဲလည်းပြီးရော “ကိုပိတောက်တယောက်တော့ သူ ဥပဒေတွေဖတ်ပြီးလျှောက်ပြောထားတာတွေ တခုမှဖြစ်မလာတော့ အတော်ရှက်နေမှာပဲ၊ မျက်နှာပူဖို့ကောင်းတယ်၊ စကားမစ ပဲနေမှ” လို့ တွေးနေတာ၊ သူရေးတဲ့ “ဆန္ဒခံယူပွဲကိုဆန်းစစ်ခြင်း” တွေ့မှပဲ “ဟိုက်၊ ရှာလပတ်ရည်”ဲဖြစ်သွားတယ်။ လူသန်း ၄၀ လောက်သက်သေရှိတဲ့ မဲ၂၅ သန်းလိမ်မှုကြီးကို မသိလိုက်ရအောင် ငါ့ဆရာတွေ နိုင်ငံခြားမှာနေတာမှဟုတ်ရဲ့လား၊ အင်္ဂါဂြိုဟ်များ ရောက်နေလား တွေးမိတယ်၊ ပြည်တွင်းမှာ မိတ်ဆွေတွေရှိတယ်လည်း ပြောတယ်၊ ဘယ်လိုမိတ်ဆွေတွေက ဒါတွေကိုပြောမပြပါလိမ့်လို့လည်း အစဉ်းစားကြပ်မိတယ်။

သူ့ပြည်တွင်းက မိတ်ဆွေတွေပြောမပြလို့ သူ့ဘာသာ အဝေးကတွက်ဆကြည့်ပုံက ဒီလိုပါ။ နာဂစ်နဲ့ လူတသိန်းကျော်သေပြီး ၄သန်းလောက်ဒုက္ခရောက်နေချိန်မှာ ၉၈.၁၂% မဲလာပေးရခြင်းကတော့ လာမပေးရင် အစိုးရက Vote No လုပ်တယ်လို့ ကိုယ့်ကိုထင်မှာ စိုးလို့ ကြောက်ကြောက်နဲ့ အကုန်လာပေးကြတာဖြစ်မယ်တဲ့။ မဲရုံရောက်တော့ ဘာပေးရင်ကောင်းမလဲ စဉ်းစားပြန်တော့ ကန့်ကွက်မဲပေးမိရင် ၈၈၈၈ လိုပြန်ဖြစ်နေမယ်၊ အခု နအဖ Roadmapလည်း အကောင်းသားပဲ၊ မောင်မင်းကြီးသား နအဖ ကျေးဇူးနဲ့ ငါတို့ဘဝတွေလည်း အတော်တိုးတက်လာပြီပဲ၊ ထောက်ခံမဲပဲ ပေးသကွာဆိုပြီး ပေးခဲ့ကြလို့ ၉၂.၄၈%ရတာနေမှာပဲလို့ တွက်သကိုး။ ဒီထဲမှာ ကြံ့ဖွတ်၂၄သန်းနဲ့ အမျိုးသမီးရေးရာတို့၊ မီးကင်နဲ့ကလေးတို့ ကို ကြည်ညိုလို့ သူတို့စည်းရုံးတာ လက်ခံပြီး ထောက်ခံလိုက်တဲ့သူတွေလည်း ပါနိုင်တယ်တဲ့ခင်ဗျ။ အဓိက ကတော့ “မဲလိမ်တာရှိလည်း နည်းနည်းပဲနေမှာပါ၊ လူတွေကိုယ်က ကြိုက်သွားလို့ အသားကုန်ဝိုင်းထောက်ခံလိုက်တာနေမှာပဲ” လို့သူတွက်ဆမိပါသတဲ့။

ဗျိုး၊ ပြည်တွင်းက ဆရာတွေစွတ်ရီမနေကြနဲ့ဦး။

ဒီနေရာမှာ အရင်ဆုံးထည့်စဉ်းစားရမယ့် ကိန်းဂဏန်းတွေက လူဦးရေအားလုံးဘယ်လောက်ရှိတယ်၊ သတင်းစာဘယ်နှစ်စောင်ရောင်းရတယ်၊ ဘာသာပြန်မရလို့ မြန်မာလိုပဲရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်နှစ်အုပ်ရောင်းရတယ် စသည်ဖြင့်ပါ၊ နောက်ပြီးရင် လူတွေ သတင်းစာမှာ ဘာတွေကိုပဲဖတ်ပြီး ဘာတွေကိုဖတ်တောင် မကြည့်ဘူး၊ ကြံ့ဖွတ်၂၄ သန်းဆိုတာ အမာခံဘယ်နှစ်ယောက်လဲ၊ ကျန်တာဘယ်သူတွေကို ထည့်တွက်ထားသလဲ၊ ကော်မရှင်လူကြီးတွေက ဘယ်လောက်ဖိုး သမာသမတ်ရှိလို့ သူတို့ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို ဘယ်လောက်ယုံသင့်သလဲ စသည်ဖြင့်ပါ ။

ကိုင်း၊ ဒီတခါကတော့ ကျုပ်ရမ်းတီးဖို့ အလှည့်ပဲ၊ သူ့မိတ်ဆွေစစ်တွေက မပြောပြတဲ့ အတင်းအဖျင်းတွေကို ပြောပြပါမယ်၊ တကြောင်းက ကိုပိတောက်ပြောသလို “အကြောင်းအရင်းမှန်ကိုမသိရင် ကောက်ချက်ချမှားမယ်။ ကောက်ချက် ချတာမှားရင် လုပ်နည်းမှားမယ်၊ လုပ်နည်းမှားရင် အရှုံးသံသရာမှာပဲ လယ်နေမှာပဲ” ဆိုသလို ကိုယ့် online မိတ်ဆွေတွေကို မဖြစ်စေချင်တာလည်း ပါသဗျို့။ ကဲ၊ ပွဲစမယ်၊ ကလေးတွေ လက်ခုပ်တီးပါ ။

အရင်ဦးဆုံးညစ်တာကတော့ ဖွဲ့စည်းပုံ မူကြမ်းထဲမှာ ပါတဲ့ “ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ” ကို “ထက်ဝက်ကျော်မဲပေးသည့်ဆန္ဒမဲ၏မဲအများဖြင့်” လို့ ခိုးပြင်လိုက်တာပဲ ဖြစ်ပါတယ်။ နောက် ၇၄ ဆန္ဒခံယူပွဲဥပဒေကို နံမည်ပြောင်းပြီး ပြန်သုံးရာမှာ ကော်မရှင်အဆင့်ဆင့်က အဖွဲ့ဝင်တွေညစ်ရင် အရေးယူရမည့် ဥပဒေ အပိုဒ်တွေကို ဖြုတ်ထားလိုက်တယ် လို့ လည်းကြားရပါတယ် ။ နိုင်ငံတကာက လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို ငြင်းလိုက်ပါတယ်။ အစောကြီးတည်းက မဲလိမ်ဖို့ ပြင်ဆင်ထားတဲ့ပုံပါ ။



ကျုပ်စပ်စုရသလောက်က ရပ်ကွက်/ကျေးရွာ အဆင့်ကော်မရှင်တွေကို မြို့နယ်မှာ စုစည်းပြီး သင်တန်းပေးတဲ့အခါ စစ်တပ်က ဗျူဟာမှုးတွေက လာပြီး သြဝါဒကထာ မြွက်ကြားကြပါသတဲ့၊ နိုင်ငံတော်အကြီးအကဲက အနိုင်ရအောင်လုပ်ရမယ်လို့ လမ်းညွှန်ထားတယ်လို့ တမျိုး၊ ထောက်ခံမဲအနည်းဆုံး ၅၀%ရ, ရမယ် ဆိုတာတဖုံ၊ ကြိုတင်မဲဘယ်လောက် ရာခိုင်နှုန်းရ, ရမယ်လို့ တနည်း နဲ့ဆိုပဲ၊ သာမန်ခပ်တင်းတင်းပြောတာရှိသလို “လူတွေက မဲကလေးပဲ ရင်း ရမှာ၊ မင်းတို့က ဘဝနဲ့ ရင်း သွားရမယ်တို့ ၊ဘာတို့ ခြိမ်းခြောက်တာမျိုးလဲရှိတယ် ဆိုပဲ၊ ဆန္ဒခံယူပွဲပြီးပြန်တော့လည်း လျာထားချက်မပြည့်မီတဲ့ ရယက၊ မယက တွေကို ဖြုတ်ပစ်တာ၊ နယ်ပြောင်းတာတွေ လုပ်သေးသတဲ့၊ ကြိုတင်ဗြောင်ဆန္ဒပေးရာမှာ အမှားပေးတဲ့ဝန်ထမ်းတွေကို တန်ပြန်အမှားပေးတဲ့အနေနဲ့ နယ်ပြောင်းတာတို့၊ ခရီးထွက်သွားလို့ ဆိုပြီးမဲလာမပေးတဲ့ မိသားစုက ဝန်ထမ်းကို ဝန်ထမ်းဝတ္တရားပျက်ကွက်တဲ့ ပုဒ်မနဲ့ သတိပေးစာ ထုတ်တာတို့လည်း ကြားရပြန်တယ်။



ဖွဲ့စည်းပုံကို လူတွေတကယ် ကြိုက်မကြိုက် ကတော့ပြောရခက်ပဲ၊ ဒါတွေကို နားလည်ဖို့၊ ဘာကောင်းပြီး ဘာညံ့သလဲ သုံးသပ်ဖို့ က တော်ရုံလူအတွက် လွယ်တာမဟုတ်ဘူး။ ပညာရှင်တွေရဲ့ အမြင်၊ အပြောတွေကို လိုက်နားထောင်မှရတယ်။ ဆန္ဒခံယူပွဲနီးရင် လွပ်လပ်စွာ ပြောဆိုသုံးသပ်ခွင့်ပေးမယ်ဆိုတဲ့ နအဖ လည်း အနားနီးတော့ ထောက်ခံဖို့ချည်း တီဗွီ၊ ရေဒီယို၊ သတင်းစာ၊ ရွာတကာလှည့်နည်း တွေကနေ သတင်း၊ ဆောင်းပါး၊ သီချင်း၊ ဇာတ်လမ်း တွေ ဦးစားပေး တစ် နဲ့ အချိန်ပြည့်လွှင့်လိုက်တာ နာဂစ်တောင် လွှတ်ပေးလိုက်သလိုဖြစ်သွားတယ်။ နိုင်ငံခြားရေဒီယို နားထောင်တဲ့ လူတွေပဲ ဖွဲ့စည်းပုံ မတရားတာ သေချာသိလို့ မကြိုက်ကြဘူး။ တော်တော်များများကတော့ “အမျိုးသားညီလာခံကရေးထားတယ်၊ စစ်တပ်ရဲ့ စိတ်ကြိုက်” ဆိုကတည်းက သူတို့တည်မြဲဖို့ရေးထားတယ်လို့ပဲ နားလည်လိုက်ကြတယ်။ ကန့်ကွက်လိုက်ရင် ထပ်ကြာသွားဦးမယ်၊ ဒါပေမယ့် သောက်မြင်ကပ်ကပ်နဲ့ ကြက်ခြေခတ်လိုက်ဦးမယ် လို့ တေး, ထားကြတယ်။ ဒါပေမယ့် “ဒီအစိုးရက သိပ်ယုတ်မာတာ၊ တော်ကြာငါ့ကို တနည်းနည်းနဲ့ မှတ်ထားပြီး ပြသနာရှာနေရင် ဒုက္ခပဲလို့” မတွေးမိတဲ့လူတော့ မရှိဘူး။ စစ်သားထဲကတောင် “မတရားတာ သိပါတယ်၊ အရပ်ထဲမှာပေးရရင် ကန့်ကွက်မယ်၊ တပ်ထဲမှာပေးရင်တော့ ထောက်ခံမှ ဖြစ်မယ်လို့” ပြောတာလည်း ရှိတယ် ။

ကန့်ကွက်လိုက်ရင် ၈၈၈၈ လိုပြန်ဖြစ်လိမ့်မယ်လို့ စစ်တပ်၊ အတိုက်အခံ နဲ့ ပြည်သူ ဘယ်ဘက်ကမှ ပြောတာ မကြားခဲ့ပါ။ ဒီလိုထပ်ဖြစ်မှာကို လူတွေ မကြောက်ဘူးလို့ မဆိုလိုပါ ၊ ပြည်တွင်းမှာ ခေတ်စားတဲ့ ဟာသတခု ကိုပြောပြရင် သူတို့ဖြစ်ချင်တာ ဘယ်လိုဆိုတာ သိသာပါမယ် ၊ ဟာသလုပ်တဲ့လူတွေက “အမေရိကန်တပ်တွေသာ ဝင်လာလို့က ငါရှေ့ဆုံးကနေပြီး ပါးပိတ်ရိုက်ပစ်လိုက်မယ်၊ ဘာလို့ အခုမှ ဝင်လာရသလဲ ဆိုပြီးတော့” လို့ပြောကြပါတယ်။ နိုင်ငံခြားကို ချစ်လို့ မဟုတ်ပါ၊ စစ်တပ် ကို အရမ်းမုန်းပြီး အရမ်းကြောက်ရလို့ ဖြစ်ပါတယ်။

နောက်သတင်းတွေ ဆက်တိုက်ထွက်လာတော့တယ်။ ဘယ်နယ်မှာ မဲလာမပေးရင် ထောင်ဘယ်လောက်ကျမယ်၊ ရွာပြောင်းမယ် ပြောတယ်ကြားရတော့တာပဲ။ တနယ်မှာ ကန့်ကွက်မဲပေးလို့ရလားမေးတော့ “ခင်ဗျားတို့ နောင်ရေးလည်း ကြည့်ဦးလေ” လို့ ပြန်ဖြေဆိုပဲ။ ရပ်ကွက်/ကျေးရွာ လူကြီးတွေကနေ လူတွေကို နိုင်ရင်နိုင်သလို၊ ချဉ်ရင်ချဉ်သလို ရိုက်ကြတော့တာပဲ၊ ချင်းကျေးရွာလူကြီးတယောက်က သူ့ချင်းတွေကို ကြက်ခြေခတ်ရင် အချုပ် ၃ရက်ကျမယ် လျှောက်ပြောနေလို့ ခင်ဗျားကိုဘယ်သူပြောသလဲ မေးတော့ “မြို့က( မြို့နယ်က ) ပြောတယ်” လို့ ပြန်ပြောတယ် ။ ဒါမျိုးကိစ္စတွေက ရေတွက်လို့မကုန်နိုင်ပါ။

တကယ်စ, ပေးတော့ နိုင်ငံခြားရောက် မြန်မာတွေ ကြိုတင်မဲပေးတာက စတာပဲ၊ သံရုံးက ဖိတ်စာရထားတဲ့သူပဲ လက်ခံသေးတယ်၊ သူ့ဘာသူ မိုင်ဘယ်နှစ်ရာ အဝေးက လာပေးပေး၊ လက်မခံလို့ မပေးခဲ့ရတဲ့သူတွေလည်း ရှိတယ်၊ လူသိန်းနဲ့ချီနေတဲ့ မြို့တွေမှာ လက်ရေးနဲ့ပြင်ထားတဲ့ ဖွဲ့စည်းပုံ ၃ အုပ်ကို သံရုံးအတွင်းမှာပဲ ဖတ်လို့ ရတယ်တို့၊ NO ပါတဲ့ အင်္ကျီ၊ ဦးထုပ် ဝတ်ထားရင် မပေးရဘူးတို့၊ အခွန်ရှင်းပြီးသားကို ဦးစားပေးမယ်တို့၊ တနေ့ကို လာတန်းစီတဲ့လူရဲ့ ဆယ်ပုံတပုံလောက် ပေးပြီးရပ်လိုက်တာတို့ ကြုံရတော့တာပဲ၊ ရလာဒ်က NO ချင်တဲ့လူအတော်များများ မနိုးလိုက်ရပါ၊

နာဂစ်က ဝင်ဖို့လမ်းကြောင်းရှာနေတုန်းမှာတော့ ပြည်တွင်းမှာ ကြိုတင်မဲတွေ တောင်းလို့ကောင်းတုန်း၊ ရုံးတွေ၊ စက်ရုံတွေ၊ စစ်တပ်တွေ မှာ ဘယ်ခရီးမှလဲ မသွားပဲနဲ့ ကြိုတင်မဲတွေကို အထက်လူကြီးတွေရှေ့မှာ ပေးရပါသတဲ့၊ အဲသည်လောက်ခြောက်နေတဲ့ကြားက တယောက်က ကြက်ခြေခတ်လိုက်တော့ သူ့လူကြီးက “ဟေ့ကောင်၊ ဟေ့ကောင်၊ ဘယ်လိုလုပ်လိုက်တာလဲကွာ” လို့ ထအော်ပါ သတဲ့။ နံမည်၊ လိပ်စာ ရေးထားတဲ့ အခြမ်းနဲ့ မဲခြမ်းကို တတွဲတည်းထားပြီး မဲပေးခိုင်းတာ၊ မဲကို စာအိတ်ထဲ ပြန်မထည့်ဖို့ မှာလိုက်တာ၊ “ဒို့ ဘာပေးပေး၊ အတည်ပြုမှာပါပဲကွာ” လို့ လိုက်ပြောတာတွေက တော့ ကျုပ်ကိုယ်တွေ့ပါ ။ ချဲ၊ ဘောလုံး၊ အရက်ပုန်း စတဲ့ ထွေအုပ် အခွန်ထမ်းတွေရှိတဲ့ အိမ်တွေ၊ FRC မိဘဘိုးဘွားရှိတဲ့အိမ်တွေ၊ ဥပဒေပေါင်းစုံနဲ့မလွတ်ကင်းတဲ့အိမ်တွေ ရှေ့ဆုံးကနေ အိမ်လုံးကျွတ် ကြိုတင်ထောက်ခံမဲတွေ ပေးကြရတာပေါ့။

နာဂစ်နဲ့ လူတွေပိုးစိုးပက်စက်သေ၊ ဘဝတွေ ပိုးလိုးပက်လက်ဖြစ်နေတုန်း မဲပေးပွဲအတင်းလုပ်ပြန်ပါရော။ “ဒီအိမ်က တယောက်မှ လာမပေးရသေးဘူးနော်” လို့ အိမ်အထိ လာခေါ်ကြပါတယ်။ “ကိုယ့်သားသမီးတွေက ဝန်ထမ်းတွေဆိုတာ သိရက်နဲ့ ပါပါး က မဲသွားမပေးဘူး” ဆိုပြီး လာငိုနေလို့ အဖိုးကြီး ဆဲဆဲဆိုဆိုနဲ့ ထပြီး မဲသွားပေးတာလည်း ကြားရတယ် ။ တအိမ်လုံး မလာနိုင်ရင် တယောက်ယောက်က ကိုယ်စားလာပေးပါဆိုပြီး လိုက်သွားတော့ နံမည်တွေပဲမေးပြီး မဲလည်းမပေးခဲ့ရ၊ တချို့ဆို လက်မှတ်တောင် မထိုးပေးခဲ့ရပါဘူး ၊ ရေဘေးသင့်ရွာတွေမှာ ရယက တယောက်တည်းက တရွာလုံးအတွက် ပေးခဲ့တာတွေ အများကြီးပါ ။ တချို့နယ်တွေမှာ လျှို့ဝှက်အခန်းကို ဟောင်းလောင်းလုပ်ထားတာ၊ ballpen ကို ကြိုးအတိုလေးနဲ့ချည်ထားတာ၊ မဲပုံးရှေ့မှာ ရဲတွေ ခုံတန်းချပြီး ထိုင်ကြည့်နေတာ၊ မဲကို ဖြတ်ပေးတဲ့စားပွဲမှာတင် ပေးခိုင်းတာ စုံလုံ့ပါ ၊ ဆိုင်ရာ ရယက တွေ ရွှေဥာဏ်တော်စူးရောက်ရင် ရောက်သလိုပေါ့။

တကယ်တော့ ထောက်ခံမဲတွေမှာ တကယ်လူမလာပဲ လုပ်ကြံပြီးထည့်ထားတာတွေနဲ့ ခြောက်လို့ပဲဖြစ်ဖြစ်၊ကြောက်တတ်လို့ပဲဖြစ်ဖြစ် တနည်းနည်းနဲ့ ကြောက်လို့ထောက်ခံလိုက်ရတဲ့ မဲတွေက အများစုပါ ၊ ထောက်ခံမဲ ၂၄.ရ သန်းအတွက် လက်မှတ် ၂၄.၇ သန်းပြနိုင်လား မေးလိုက်ရင် သိရမှာပါ၊ မကြောက်တဲ့သူတွေက ကန့်ကွက်ပြီးပါပြီ၊ ရလိုက်တဲ့ ၉၂.၄၈% ဟာ တကယ့် ထောက်ခံမဲမဟုတ်ပါဘူး၊ ကြောက်လို့ပေးလိုက်ရတဲ့ “ကြောက်ခံမဲ” တွေသာလျှင် ဖြစ်ကြောင်းပါ ။



နောက်ဆက် အကွန့်

“ဒါတွေအားလုံးကို ပြဖို့ သက်သေအထောက်အထားတွေ ခင်ဗျားမှာ ရှိလား” လို့တော့ မမေးနဲ့ဗျို့၊ မရှိဘူး။ ဒါပေမယ့် လူမမယ်တွေကို ဖယ်ထားရင် သက်သေ သန်း၄၀ လောက်ပြည်တွင်းမှာ ရှိပါတယ်။ တိုင်းသိပြည်သိ စစ်ချင်ရင်တော့ “လွပ်လပ်စွာ ပြောဆိုခွင့်” အရင်လိုသဗျို့။ ရွာထဲမှာ စစ်ပြန်ကြီးက မုဆိုးမကို ပါးစပ်ဆို့ပြီး မုဒိန်းကျင့် တဲ့အမှုကို ရုံးမှာ စစ်မယ်ဆိုရင် တရားလိုကို ပါးစပ်ဆို့ရက်ကြီးနဲ့ အမှန်ပြောခိုင်းလို့ မရသလိုပေါ့ဗျာ ။ လောလောဆယ် လက်ဟန်ခြေဟန် အထာလေးနဲ့ မေးချင်ရင်တော့ ပြည်တွင်းက သူငယ်ချင်းတယောက်ယောက် ကိုသာ ဖုန်းဆက်ကြည့်လိုက်ပါဗျို့။

Friday, April 11, 2008

ဒီလို လုပ်ရင်ကောင်းမယ် ထင်တယ်

ဖွဲ့စည်းပုံ အကြောင်းထင်ရာမြင်ရာတွေ လျှောက်ပြောရင်း ရီစရာတခု တွေးမိတယ် ၊ ဘာလဲဆိုတော့ အခု ကိုယ်ရောက်နေတဲ့ဘက်က ဖင်ပိတ်ပြီးငြင်းနေတဲ့ ကျုပ်တို့အားလုံးထဲမှာ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး တကယ်တန်း ပြောရေးဆိုခွင့်ရှိတဲ့လူ တယောက်မှ မပါဘူး ၊ အကုန်လုံးဟာ “ပြောသံကြားနဲ့ နားဝင်ချို ရင်ဖိုကာရယ်” အဆင့်မှာ “မဟုတ်လောက်ဘူးနော် ၊ ဟာ ၊ သေချာပါတယ်ဟ” နဲ့ နှိပ်နေတာပဲ ၊ “ကိုယ့်အတွေးနဲ့ကိုယ်၊ မဲပေးကြသည်” ပြီးတော့မှ ဘကြီးက “အဲဒီ အဓိပ္ပါယ် မဟုတ်ဘူး ၊ ငါ မင်းတို့ကိုနောက်တာ” ဆိုမှ ကျုပ်တို့တွေ ကိန်၊ကိန် ဖြစ်သွားမယ် ၊ ဘကြီး အနောက်သန်တာလဲ အားလုံးအသိမို့လား ၊ ဒီတော့ မေးမည့်မေး ၊ အန်ကယ်ကြီး ဦးအောင်တိုး ကိုမေးရင်ကောင်းမယ် ထင်တယ်၊ အကုန်သူ့ခြေ ၊ သူ့လက်ချည်းဆိုတော့ ဘာကို ဘာရည်ရွယ်ချက်နဲ့ ထည့်ထားတယ် အကုန်ပြောနိုင်မှာပဲ ။ ဒီတော့ ကျုပ်တို့ ပြည်သူအားလုံးဘက်က “အမေးတော်ပုံ ကော်မတီ” ဖွဲ့ပြီး မေးခွန်းတွေစု ၊ ပြီးရင် တူရာ စု၊ အရေးကြီးပုံအလိုက်စီ ပြီးတင် ၊ ဖွဲ့စည်းပုံရေးခဲ့တဲ့အဖွဲ့က “အဖြေတော်ပုံ ကော်မတီ” ဖွဲ့ပြီးဖြေ ၊ ဒါကို ရေဒီယို၊ ရုပ်မြင်သံကြား ၊ သတင်းစာ၊ဂျာနယ်၊ အင်တာနက် တွေမှာထည့် ၊ မရှင်းရင်ထပ်မေးလုပ်ရင် အားလုံး ရှင်းရှင်းလင်းလင်း၊ တိတိကျကျ သိရမှာပဲ ။ သူတို့ဘက်က အချိန် ၂ ရက်၊ ၃ ရက်ပေးဖြေရင် လုံလောက်မှာပါ ၊ မေးခွန်းစုရာမှာ ဘက်မလိုက်ဖို့နဲ့ ၊ အဖြေမှာ ဝေ့လည်ကြောင်ပတ် မလုပ်ဖို့တော့ ဂရုစိုက်ရမှာပေါ့ ၊ အဲဒီလို တောင်းဆိုရင် ကောင်းမလား ၊ ဘာတွေဘယ်လို လုပ်သင့်တယ် ၊ ဝိုင်းအကြံပေးကြပါဦး ။

စာစီတာမှားသွားတယ်တဲ့

ပြင်ဆင်ချက် ( modification ) ၃ ကို စာစီတာမှားသွားလို့ဆိုပြီး အမှားပြင်ဆင်ချက်နဲ့ ပြန်ဖျက်လိုက်ပါတယ် ။ နံပါတ် ၂ ကိုတော့ ပြန်မဖျက်သေးပါ ၊ english version ထွက်ရင် အတိအကျ သိနိုင်ကြပါမယ် ။

Sunday, April 6, 2008

တိတ်တိတ်လေးပြင်လိုက်တယ်

အမျိုးသားညီလာခံမှာ တက်ရောက်သူတွေ သဘောတူထားပြီးဖြစ်တဲ့ အခြေခံမူတွေအပေါ် အခြေခံပြီး အခြေခံဥပဒေမူကြမ်းကို ရေးပါတယ် ။ အခုမူကြမ်းထွက်လာတဲ့အခါ အခြေခံမူတွေကို ဖြည့်စွက်ထားတာ ၊ ပြင်ဆင်ထားတာတွေ တွေ့ရပါတယ် ။
ပြင်ဆင်၊ဖြည့်စွက်ချက်(၁)
( မူကြမ်း၊ ဖြည့်စွက် )
( နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ) ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။

ပြင်ဆင်ချက်(၂)
( အခြေခံမူ ) ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ထောက်ခံ ဆန္ဒမဲဖြင့် အတည်ပြုပြဋ္ဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝန်းလုံး၌ အာဏာတည်သည် ။
( မူကြမ်း ) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏မဲအများဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝန်းလုံး၌ အာဏာတည်သည် ။

ပြင်ဆင်ချက်(၃)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
( အခြေခံမူ ) ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ။
( မူကြမ်း ) ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ။

အခြားပြင်ဆင်ချက်တွေ ရှိနိုင်ပါသေးတယ် ။ ပြင်ဆင်ချက်တွေကို မူရင်းနဲ့ ဆင်တူယိုးမှားလုပ်ထားတာ ၊ အခြေခံမူတွေပဲ လူထုကိုချပြပြီး ဆန္ဒခံယူပွဲလုပ်ဖို့ကြိုးစားခဲ့တာ တွေဟာ နအဖ ရဲ့ ရိုးသားမှုကို သံသယဝင်စေပါတယ် ။ သတိဆိုတာ ပိုတယ်မရှိဆိုတာ ပြလိုက်တာပါ ။
ဒီပြင်ဆင်ချက်တွေ အတွက် ညီလာခံကိုယ်စားလှယ်တွေကို တိုင်ပင်ပါသေးသလား ။ မတိုင်ပင်ခဲ့ရင် ညီလာခံဆိုတာ နအဖ ပြောသမျှ အတည်ဖြစ်တာပဲလို့ မြင်သွားနိုင်တယ် ။ ဒီလိုအမြင်မခံချင်ရင် ဒီလိုပြင်ဆင်တာကို ညီလာခံကိုယ်စားလှယ်တွေ ကန့်ကွက်သင့်ပါတယ် ။

ပြင်ဆင်၊ဖြည့်စွက်ချက် တစ်နဲ့ပတ်သက်ရင် “ဘယ်သူမပြု မိမိမှု” လို့ဆိုပါတယ် ။ လူတိုင်း ကိုယ်ရေးတာ၊ ကိုယ်ပြောတာ၊ ကိုယ်လုပ်တာကို ကိုယ်တာဝန်ယူကြရပါတယ် ။ “ငါလုပ်တာ ငါရှင်းရဲတယ် ၊ မင်းတို့သာ မတရားမလုပ်ကြနဲ့” လို့ပဲပြောသင့်ပါတယ် ။ နအဖ အနေနဲ့လည်း တရားမျှတ ပြီး ဘက်မလိုက်တဲ့ တရားစီရင်ရေးစံနစ်ကို တည်ထောင်ပြီး ဒီမိုကရေစီ အလေ့အကျင့်တွေကို ပျိုးထောင်ပေးပြီး ဖြစ်တာကြောင့် တရားရုံးကို ဘာမှကြောက်စရာ အကြောင်းမရှိပါ ။ ရာဇဝတ်မှုမကင်းတဲ့ အချို့လုပ်ရပ်တွေတော့ ရှိနိုင်ပါတယ် ။ ပြည်သူ့သဘောထား အစစ်အမှန်ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ပျက်စေချင်လို့ NLD ကိုဖျက်တဲ့လုပ်ရပ်တွေကို NDD က မှတ်တမ်းတင်ထားတဲ့ စာအုပ် ဒီမှာ download လုပ်ပြီးဖတ်နိုင်ပါတယ် ။ http://www.mediafire.com/?moksemjinff ၊ နိုင်ငံရေး genocide လို့တောင်ပြောနိုင်မယ် ထင်ပါတယ် ။ ဒုတိယ ကမ္ဘာစစ်ပြီးတော့ အင်းစိန်ထောင်မှာ ဖမ်းဆီးထားတဲ့ ဂျပန်ကင်ပေ ၆၀၀ ကို မနက်တိုင်း တန်းစီခိုင်းပြီး သူတို့နှိပ်စက်တာ ခံခဲ့ရတဲ့ သူတွေက ကိုယ်မှတ်မိတဲ့ ကင်ပေကို လက်ညှိးထိုး ရွေးထုတ်ပေးရတယ် ၊ အမှုထင်ရှားတဲ့ ကင်ပေ ၂၅ ဦးကြိုးပေးခံခဲ့ ရတယ် ဆိုပါတယ် ။ “အထက်အမိန့်ကြောင့်လုပ်ရတာပါ” ဆိုတာနဲ့ ပတ်သက်ရင် ဥပဒေမှာ command responsibility (သို့ ) Yamashita standard ဆိုပြီးရှိပါတယ်။
တဦးတယောက်ကို နစ်နာဆုံးရှုံးအောင်လုပ်ခဲ့တဲ့သူကို ပြန်ပြီး နာကျင်အောင်လုပ်ရုံနဲ့ တရားမျှတမှုရသွားတယ်လို့ ကျုပ်မယုံကြည်ပေမယ့် “ဒို့တတွေရဲ့ လောဘ၊ ဒေါသ၊ မာန တွေကြောင့် ဒီလိုအဖြစ်ဆိုးတွေဖြစ်ခဲ့ရတယ် ၊ မင်းတို့အလှည့် ကျရင် ကြိုးစားပြီး ရှောင်ကြ ” လို့ နောင်လာနောင်သားတွေကို ပြနိုင်အောင် စစ်ဆေး မှတ်တမ်းတင်တာလောက်တော့ လုပ်သင့်တယ် ထင်ပါတယ် ။

ပြင်ဆင်ချက် နှစ်နဲ့ ပတ်သက်ရင်တော့ မနိုင်၊နိုင်အောင် ညစ်ပတ်တာပါ ။ နအဖ နဲ့ ပတ်သက်လာရင် အဆိုးမြင်ဝါဒီတွေပဲ အမြဲတန်းမှန်တယ်ဆိုတာ ပြလိုက်တာပါ ။
အရင်က မဲလာမပေးသူ ( no vote ) နဲ့ ကန့်ကွက်မဲပေးသူ ( vote no ) နှစ်စုပေါင်း ၅၀% ကျော်ရင် ဖွဲ့စည်းပုံ အတည်မဖြစ်အောင် တားလို့ရပါတယ် ၊ အခုတော့ no vote သမား တစ်စုတည်း ၅၀ % ကျော်ရမှသာ တားနိုင်ပါမယ် ၊ no vote နည်းနဲ့ တားဖို့ အရမ်းခက်သွားပါပြီ ။ အရင်က နအဖ ဘက်က ထောက်ခံမဲပေးသူ တစုတည်း ၅၀ % ကျော်မှ ဖွဲ့စည်းပုံကို အတည်ပြု နိုင်ပါမယ် ၊ အခုတော့ထောက်ခံမဲပေးသူ ၃၃ % လောက်ရပြီးရင် no vote အစုက vote no အစုထက်များရင်များသလို နအဖ ဘက်က အသာစီးရပြီး ဖွဲ့စည်းပုံကို အတည်ပြုသွားနိုင်ပါတယ် ၊ မူကြမ်းကို ဒီလိုပြင်လိုက်တာနဲ့ တဆက်တည်းမှာ မဲရုံတွေကို ဗုံးဖေါက်လိမ့်မယ်ဆိုပြီး သတင်းလွှင့်လိုက်တာဟာ လူတွေကြောက်ပြီး ( ကန့်ကွက် ) မဲ လာမပေးရဲအောင် ၊ no vote များလာအောင် လှည့်စားတာလို့ ထင်စရာဖြစ်စေပါတယ် ။
ဒီတော့ ဒီမတရားတဲ့ ဖွဲ့စည်းပုံကို တားချင်ရင် ကန့်ကွက်မဲပေးသူ ( vote no ) များနိုင်သလောက် များအောင် ကြိုးစားရပါမယ် ။ အခု ၁၉၉၀ ရလာဒ်ရဲ့ ကာယကံရှင် NLD ကလည်း ကန့်ကွက်မဲပေးပါဆိုတော့ အခုလက်ရှိလုပ်နေတဲ့ ကန့်ကွက်မဲပေးရေးကိုပဲ အရှိန်မြှင့် ဆက်လုပ်သွားဖို့ပဲ ရှိပါတော့တယ် ။

ပြင်ဆင်ချက် သုံး ကတော့ ကျုပ်တို့ရဲ့ ဆွေးနွေးပွဲတွေကို ပွဲသိမ်းပေးလိုက်တာပါ ။ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲဖြင့်သာ” ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်တဲ့ အတွက် တကယ်တော့ “အတည်ပြုပြီးရင် ဘယ်တော့မှ ပြင်လို့မရတော့ဘူး” လို့ ပြောလိုက်တာပါ ။ နဂိုတည်းက မဖြစ်သင့်တာတွေများနေတဲ့ အခြေခံဥပဒေကို လုံးဝ မဖြစ်သင့်တဲ့ အဆင့်ကို ပို့လိုက်တာပါ ။ “မတရားမှုတွေ အရမ်းများတဲ့ အခြေခံမူတွေကို လက်ရှိဒုက္ခရောက်နေတဲ့ ပြည်သူတွေမျက်နှာကို ထောက်ထားပြီး လက်ခံလိုက်ပါ ၊ နောက်မှ တဖြည်းဖြည်းပြင်ယူကြတာပေါ့” လို့ စေတနာအစစ်နဲ့ အမုန်းခံပြီး ပြောခဲ့တဲ့ သူတွေကို ကျုပ်ဘယ်တုန်းကမှ အထင်မသေးခဲ့ပါဘူး ။ နောင်ပြင်ဖို့ လွယ်မယ်ဆိုရင် လက်ခံလိုက်ဖို့တောင် စဉ်းစားခဲ့ပါတယ် ၊ ဒါပေမယ့် အခု ဒီလိုတွေးလို့ ၊ ပြောလို့ မသင့်တော် တော့ပါဘူး ။ ဒီမတရားမှုတွေကို ဘယ်တော့မှ ပြင်မရတော့ပဲ ထာဝရတည်ဖို့ နအဖက ပြင်လိုက်လို့ပါ ။ ဒီဖွဲ့စည်းပုံဟာ ကျုပ်တို့ အချင်းချင်းကြားက မကြေနပ်ချက်တွေကို လက်ငင်းလည်းမရှင်း ၊ နောက်ကို ခဏ ရွှေ့တာလည်း မဟုတ် ၊ အင်အားသုံးပြီး ထာဝရ ဖိနှိပ်ထားဖို့ စီစဉ်ထားပါတယ် ။
ကျုပ်တို့ရဲ့ သားမြေးတွေကို ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာတဲ့ နိုင်ငံတခု ပေးခဲ့ချင်ရင် ဒီနေ့ ပြသနာတွေကို တွေ့ဆုံဆွေးနွေးပြီး ဒီနေ့ရှင်းပေးခဲ့ရမှာ ဖြစ်ပါတယ် ။ တိုင်းရင်းသားတွေ ၊ ပြည်သူတွေ ၊ စစ်သားတွေ လိုချင်တာတွေကို ကျေနပ်တဲ့ အထိညှိနှိုင်းပြီး ပြသနာအကုန်ရှင်းမှ တိုင်းပြည်ရှေ့ဆက် သွားနိုင်ပါမယ် ၊ “ဒီကောင် ငါ့ကိုနောက်က ဆွဲထားတယ်” လို့ ပြောစရာမရှိတော့ပဲ အားလုံး ကိုယ့် နဲ့ ကိုယ့်မိသားစု အတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်တိုင်းပြည်အတွက် ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသလောက် လုပ်နိုင်ကြပါမယ် ။ လုပ်သမျှ အရာထင်ပါမယ် ။
ဒါကြောင့် အခု ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဟာ စစ်တပ် နဲ့ ပြည်သူ ရန်သူတွေဖြစ်နေကြတဲ့ ဒီအစဉ်အလာဆိုး၊ အမွေဆိုးကြီးရဲ့အဆုံးသတ် ရဲ့ အစပိုင်း ( beginning of the end ) ဖြစ်သွားအောင် တညီတညွတ်တည်း ကန့်ကွက်မဲပေးကြရအောင်ပါ ။ သည့်နောက်မှ အားလုံးဆွေးနွေးညှိနှိုင်းပြီး အများကျေနပ် လက်ခံနိုင်တဲ့ ၊ နအဖ တယောက်တည်း မဟုတ်ပဲ အားလုံးက တိုင်းပြည်အတွက် အသင့်တော်ဆုံး လို့ လက်ခံတဲ့ ဖွဲ့စည်းပုံ နောက်တခု ရေးကြရအောင်ပါ ။
ဒီစာဖတ်သူဟာ ကြံ့ဖွံ့ပဲဖြစ်ဖြစ် ၊ “မူကြမ်းကို အတည်ဖြစ်အောင် လုပ်ပေးပါ့မယ်” ဆိုပြီး နအဖ ဆီက အထောက်အပံ့ယူထားတဲ့သူပဲ ဖြစ်ဖြစ် ၊ တပ်မတော်သား တယောက်ပဲ ဖြစ်ဖြစ် ဒီမတရားမှုကြီး က ကိုယ့်နိုင်ငံကို အမြဲတမ်း ဒုက္ခပေးနေတာ ၊ ပြသနာပေါင်းစုံနဲ့ နိုင်ငံကြီး ဖြစ်နေတာတွေ ဆက်မဖြစ်ရအောင် ဆန္ဒခံယူပွဲ နေ့ကျရင် ကန့်ကွက်မဲ ပဲပေးကြပါလို့ ကျုပ် မေတ္တာရပ်လိုပါတယ် ။ အားလုံးအတွက် ပျော်ရွှင်စရာ သင်္ကြန်၊ ကောင်းသောနှစ်သစ် ဖြစ်ပါစေလို့ ဆုတောင်းပါတယ် ။

လေးစားစွာဖြင့်
ရွှေဘ

( ကျုပ်စုထားတဲ့ အခြေခံဥပဒေ ဝေဖန်ချက် မှတ်စုတွေကို http://www.mediafire.com/?gmo1djgfxyb မှာ download လုပ်ပါ )

Friday, February 29, 2008

ဆန္ဒမဲခံယူရေးနှင့် ရွေးကောက်ပွဲ အပေါ် သာမန်မြန်မာတဦး၏ အမြင်

မင်းတို့တတွေ မဲပေးရတော့မယ်ဆိုလို့ ကမန်းကတန်းနဲ့ စာတွေရှာဖတ်ရတယ် ။ ကျွန်တော်တို့လို သာမန်လူတွေ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နားလည်ဖို့ မဆိုထားနဲ့ ဖတ်ခွင့်ရဖို့တောင် အတော်ခက်တယ်။ တတ်သိတဲ့ ပညာရှင်တွေ ရေးထားတာတွေ ဖတ်ရလို့ ရေးတေးတေး သိလာတာလေးတွေ ပြန်ပြောရင်း ကိုယ် ထင်ရာမြင်ရာတွေပါ ပြောချင်လာတယ် ။ခွင့်ပြုပါ ။
ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ လမ်းပြမြေပုံ ဆိုတာ နအဖ မှာမှရှိတာမဟုတ်ဘဲ ။ အတိုက်အခံတွေမှာလည်း ရှိတာ တွေ့ရတယ် ။
ဥပမာhttp://www.encburma.org/fcdcc/fcdcc_draft.htmhttp://www.encburma.org/enc/Policy_Papers/ROAD_MAP_FOR_REBUILDING.pdf
အခြားမူတွေတောင် ရှိဦးမလားပဲ ။ မူတိုင်းမှာ ကောင်းတာနဲ့ ဆိုးတာတွေပါနိုင်တာပဲ ။ ပညာရှင်တွေက ကျွန်တော်တို့ လူပြိန်းတွေ နားလည်လွယ်အောင် ပုံတွေ၊ ဇယားတွေ ၊ ကာတွန်းရုပ်ပုံတွေ နဲ့ ရှင်းပြစေချင်တယ် ။ တဦးဦးက အမြင်အားလုံးကို ဒိုင်ခံစုစည်းပြီး အားလုံးဖတ်ခွင့်ရအောင် Internet မှာတင်ပေးထားစေချင်တယ် ။
၁၉၉၀ တုန်းက မဲတွေ အစိတ်စိတ်အမွှာမွှာကွဲမှာပဲလို့ တွက်ထားရာက NLD ကိုစုပေးလိုက်လို့ အာဏာမလွှဲပဲ ညစ်လိုက်တာ ၁၈ နှစ်ကြာသွားတယ် ။ ဒီတခါလည်း တိုင်းရင်းသားအဖွဲ့ပေါင်းများစွာ ရှိလို့ အစိတ်စိတ်အမွှာမွှာကွဲနေတဲ့ လွှတ်တော်ဖြစ်ရင် ထိန်းချုပ်ရလွယ်မယ်လို့ မှန်းထားပုံရတယ် ။ တကယ်လို့ သူတို့မှန်းတာ ဖြစ်မလာရင် နအဖ အကျင့်အတိုင်း ဗြောင်လိမ်မှာကို အားလုံးစိုးရိမ်နေတာ တွေ့ရတယ် ။ မလိမ်လောက်ဖူးလို့ ကြားပွဲစားတွေ ပြောနေတာလည်း ကြားရတယ် ။
၁၉၉၀ ရွေးကောက်ပွဲပြီးလို့ အာဏာမလွှဲရင် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေပြပါမယ်လို့ ဗိုလ်အောင်ကြီး ပြောဘူးတယ်။ အခုထိတော့ လုပ်မပြသေးဘူး ။ နအဖ ကို မင်းဆရာ လုပ်ချင်မိတဲ့ အချို့ ပညာရှင်၊ပညာရှင်မကြီးတွေ နံမည်ပျက်ပြီး လူတောမတိုးဝံ့ဖြစ်ခဲ့ရတယ် ၊ မင်းဆရာဖြစ်ချင်တဲ့ ကြားပွဲစားတွေ သူတို့ကိုအင်တာဗျူးပြီး ဆင်ခြင်သင့်တယ် ။ ရွေးကောက်ပွဲပြီးရင် အာဏာလွှဲမှာလား ဆိုတော့ ဗိုလ်စောမောင် က I promise, I promise လို့ ကမ္ဘာသိ ပြောမိလို့ ဖယ်ရှားခံရတယ် ။ ဒီတခါတော့ နအဖ ကိုယ်တိုင် စာနဲ့ပေနဲ့ အဖွဲ့အနေနဲ့ နိုင်ငံတကာအသိ ကတိပေးခိုင်းမှ ဖြစ်မယ်။ တချို့က နိုင်ငံရေးပါတီတွေကိုပါ ရွေးကောက်ပွဲ ရလာဒ်ကို လေးစား လိုက်နာပါမယ် လို့ ကတိပြုစေချင်တယ် ။ မဲလိမ်လို့ မရအောင်ဘယ်လိုလုပ်မယ် ၊ လိမ်ရင်ညစ်ရင် ဘယ်လို တုံ့ပြန်မယ်ဆိုတာ လောလောဆယ်မှာ အဓိက စဉ်းစားရမယ့် ကိစ္စပဲ ။
မဲပေးရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုမကောင်းပြောမိရင် ၊ အပြိုင်ဖွဲ့စည်းပုံရေးရင် ထောင်၅နှစ်က အနှစ် ၂၀ ချမယ်လို့ ၅/၉၆ မှာဆိုတယ် ။ တတ်သိတဲ့ လူတွေကမှ မဝေဖန်ပြရင် ကျုပ်တို့ လူပြိန်းတွေ ဘယ်နဲ့လုပ် ဆုံးဖြတ်ပြီး မဲပေးရမလဲ ။ ဒီအတိုင်းဆိုရင် ကျုပ်တော့ မကြိုက်လို့ မဟုတ်ပါဘူး ၊ မသိလို့ပါဆိုပြီး ကန့်ကွက်မဲ ထည့်ခဲ့မယ် ။ ဘာပြင်ချင်သေးလဲ ဆိုပြီး မမေးပဲ ၊ yes or no ပဲပြောလို့ခိုင်းတာဆိုတော့ တခုခုပြင်စေချင်ရင်လည်း ကန့်ကွက်မဲ ပဲပေးမှဖြစ်မယ် ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည် ဝင်ရွေးလို့ မရဘူးဆိုတော့ သူဝင်အရွေးခံစေချင်ရင်လည်း ကန့်ကွက်မဲ ပဲပေးမှဖြစ်မယ် ။ ကန့်ကွက်လိုက်ရင် အချိန်ပိုကြာသွားမယ်ဆိုတာကလွဲလို့ အခြားထောက်ခံစရာ အကြောင်းရှာမတွေ့သေးပါ ။
ဒါတွေဟာ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုလည်းပယ် ၊သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုလည်း ရှောင်၊ နိုင်ငံတကာကိုလည်း တခုခု လုပ်နေပါပြီ ၊ အရေးယူတာ ဆက်မလုပ်ပါနဲ့တော့လို့ နှစ်ပေါက်တစ်ပေါက်ရိုက် လိုက်တာလို့ အားလုံးက မြင်ကြတယ် ။ တချို့က ဒီလို မဲပေးလိုက်ရင် ၁၉၉၀ ရလာဒ်ကို ပျက်ပြယ်သွားအောင် နအဖ ရဲ့ဒီကြိုးပမ်းချက်ကို မဲပေးတဲ့သူတွေက ကူညီဖြည့်ဆည်း ပေးရာရောက်လို့ ဆန္ဒခံယူပွဲကို သပိတ်မှောက်သင့်တယ်လို့ ယူဆကြတယ် ။ တချို့က ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ ဒီမိုကရေစီနည်း မကျပေမဲ့ လောလောဆယ် နှစ်ဖက်အဆင်ပြေသွားအောင် လက်ခံလိုက်ပါ ၊ ဒါပေမယ့် အဲဒီ ဒီမိုကရေစီနည်း မကျတဲ့ အချက်တွေကို နောင်မှာ အလွယ်တကူပြင်လို့ရအောင် လမ်းဖွင့်ပေးထားပါလို့ တောင်းဆိုတယ် ၊ ( အခုအတိုင်းက ပြင်ချင်ရင် စစ်တပ်အမတ် ၂၅% က သဘောတူမှ တနိုင်ငံလုံး ဆန္ဒမဲခံယူပြီးမှ ပြင်လို့ရမယ်) ။
နအဖ က ဒီ၁၉၉၀ ရွေးကောက်ပွဲရလဒ်က ၁၈ နှစ်ရှိပြီ ၊ နောက်ထပ် ၁၈ နှစ်ပြည့်တဲ့ လူငယ်တွေရဲ့ ဆန္ဒပါအောင် ရွေးကောက်ပွဲပြန်လုပ်ပါလို့ပြောတယ် ။ တကယ်လို့ဒီလိုလုပ်ရင်တောင် ပြည်သူ့ဆန္ဒမဲကိုပယ်ဖျက်တယ် ဆိုတာ အတော်ရိုင်းစိုင်းတဲ့ အတွက် NLD ကိုရော ၊ တနိုင်ငံလုံးက မဲဆန္ဒရှင်တွေကိုရော ၊ တကမ္ဘာလုံးကိုရော ပွင့်ပွင့်လင်းလင်း တောင်းပန်သင့်တယ် ။ အနည်းဆုံး နအဖ က NLD ကို အာဏာအရင်အပ် ၊ NLD ကမှ နောက်အနိုင်ရတဲ့ ပါတီကို ပြန်အပ် ဆိုပြီး စတိသဘောတော့ လုပ်သင့်တယ် ထင်တယ် ။
တချို့ကတော့ ဒီလို ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ဖျက်တာကို လုံးဝ လက်မခံကြဘူး ။ ၁/၉၀ မှာ အနိုင်ရတဲ့ပါတီကို ပြည်သူ့လွှတ်တော်ဖွဲ့ခွင့်ပေးပြီးရင် အသစ်ဖွဲ့တဲ့အစိုးရကို အာဏာလွှဲပါမယ် ၊ ဒါပေမယ့် NLD မှာရှိပြီး ဖွဲ့စည်းပုံက ယာယီအဆင့်ပဲရှိလို့ ဖွဲ့စည်းပုံ တခုကျကျနန အရင်ရေးပါ ၊ ပြီးတာနဲ့ အာဏာလွှဲပါ့မယ်လို့ ပြောထားခဲ့တာကိုး။ ဘကြီးအောင် ဗိုလ်ခင်ညွန့်ရဲ့ လက်မှတ်နဲ့ပါ ။ အနိုင်ရတဲ့ပါတီက လွှတ်တော်ဖွဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ရေးရမယ့်အစား အမျိုးသားညီလာခံ ခေါ်ပြီး နအဖ စိတ်တိုင်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အတင်းအဓမ္မ ရေးဆွဲရင်း ဒီနေ့အခြေအနေကို ရောက်လာခဲ့တယ် ။
တကယ်လို့ ရွေးကောက်ပွဲအသစ်ကို ဝင်ရင်တောင် NLD မှာအရင်လို အင်အားရှိပါ့မလား ။ အခုလက်ရှိကျန်တဲ့သူတွေဟာ ပညာတတ်ချည်းပဲ မဟုတ်ရင်တောင် သတ္တိရှိတဲ့သူချည်းပဲ ။ ဒါပေမယ့် အရင်လို လူထုကိုယ်စားပြုနိုင်အောင် အားလုံးနဲ့ မဟာမိတ်ဖွဲ့ပြီး အချိန်တိုအတွင်းမှာ အမြန်ပြန်ဖွဲ့စည်းနိုင်ပါ့မလား။ မြန်မာတွေ အဲဒီလောက် သဘောထားကြီးကြီးနဲ့ ပေါင်းစည်းနိုင်ကြပါ့မလား ။ အနည်းဆုံးတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးပြန်လွှတ်ပြီး နိုင်ငံခြားရောက်နေတဲ့ နိုင်ငံရေးသမားအားလုံးကို ပြန်လာခွင့်ပေးမှ ပွဲစည်မယ် ထင်ပါတယ် ။ နိုင်ငံရေးလုပ်လို့ ထောင်ကျဘူးတဲ့ သူတိုင်း ဝင်ရွေးလို့ မရဘူးဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို စောစောစီးစီး ကန့်ကွက်မဲပေးသင့်တယ် ထင်ပါတယ် ။
ဒီနေ့ နိုင်ငံရေးပြသနာအားလုံးက ၄၇ ပင်လုံစာချုပ်ပေါ်အခြေခံတယ် ။ အဲဒီမှာ နယ်စပ်ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းပြည့် ရှိစေရမယ်လို့ အာမခံထားတယ် ။ စော်ဘွားစံနစ်ကို မဖျက်ပါဘူးလို့ အာမခံထားတယ် ။ ရှမ်း ၊ ချင်း နဲ့ ကချင်တို့ လက်မှတ် ထိုးထားတယ် ။ ၁၉၄၇ အခြေခံဥပဒေမှာ နောက် ၁၀ နှစ် ကြာတဲ့အခါ ပြည်နယ်အမတ် ၃ ပုံ ၂ ပုံ တောင်းဆိုရင် ပြည်နယ်လူထုဆန္ဒပွဲခံယူပြီး ခွဲထွက်ပိုင်ခွင့် ရှိတယ်လို့ ခွင့်ပြုထားတယ် ။ နောက်တော့ ပြည်နယ်ခွဲထွက်ခွင့် တကယ်တောင်းရာက ပြည်တွင်းစစ်ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်တယ် ။ ဗိုလ်နေဝင်းက စော်ဘွားစံနစ်ကို ဖျက်ပစ်လိုက်တယ် ။ အခု စစ်တပ်က သူတို့ နိုင်ငံရေးမှာ ဝင်ပါရတာ အဲဒီ ခွဲထွက်ခွင့်ကြောင့် ( ပြည်ထောင်စုကြီး ပြိုကွဲမှာ စိုးလို့ ) လို့ အကြောင်းပြလေ့ရှိတယ် ။ တချို့ လူမျိုးတွေက ခွဲထွက်ခွင့်ရှိထားချင်တုံး ။
တချို့က ဗမာတွေနဲ့ တန်းညှိဖို့ တိုင်းခုနစ်တိုင်းကို ပေါင်းပြီး ဗမာပြည်နယ် ဖွဲ့ရမယ်လို့ တောင်းတယ်။ ဒီလိုရှစ်ပြည်နယ်ဖြစ်မှ ပြည်နယ်အလိုက်မဲခွဲရင် မျှတမယ်လို့ ယူဆကြတယ် ။ တိုင်းရင်းသားအချို့က ဗမာတွေ လူအုပ်နဲ့ အနိုင်ကျင့်တယ်လို့ စွပ်စွဲတယ် ၊ စစ်တပ်က ပြည်နယ်ရတဲ့ တိုင်းရင်းသားတွေက အဲဒီပြည်နယ်ထဲက အနည်းစုအခြားတိုင်းရင်းသားတွေကို အနိုင့်ကျင့်နေတယ်လို့ ပြန်ထောက်တယ် ။ အဲဒီလို အငြင်းပွားမှုတွေကို အကြောင်းပြုပြီး စစ်တပ်က အာဏာကို ယူထားတာဖြစ်တယ် ။ အဓိက ကတော့ လက်ရှိအုပ်ချုပ်ရေးဟာ မမျှတဘူးထင်တာရယ် ၊ မျှတအောင်ဘယ်လိုလုပ်ကြမလဲမှာ ညှိမရတာရယ် ဖြစ်မယ် ။ အဲဒီအငြင်းပွားမှုကြောင့် သေရတဲ့လူတွေ ရေတွက်လို့ မှ ရပါ့မလား မသိပါ ။
အမျိုးသားညီလာခံမူ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်တွေ ခွဲထွက်ပိုင်ခွင့်မရှိလို့ ရေးထားတယ်။ ဒီလိုကတိရ ရင် ပြည်ထောင်စုကြီး ပြိုကွဲမယ့် အန္တရာယ် မရှိတော့လို့ စစ်တပ်က နိုင်ငံရေးမှာ ဝင်ပါစရာ မလိုတော့ဘူး ။ ဒါပေမယ့် တို့ကတော့ ပါဦးမှာပဲလို့ ဆက်ရေးထားတယ် ။
ပြည်နယ်နဲ့တိုင်း ၁၄ ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးရဒေသ ၆ ခုရှိမယ် ။ တိုင်း/ပြည်နယ် ၁၄ခုရဲ့ လွှတ်တော်တွေမှာ လူဦးရေ ၅သောင်းလောက်ရှိတဲ့ ကျန်လူမျိုးတမျိုးကို ကိုယ်စားလှယ် တယောက်ပါခွင့်ရမယ် ။
ကိုယ်ပိုင်အုပ်ချုပ်ရေးရဒေသ ၆ ခုရဲ့ ဦးစီးအဖွဲ့တွေမှာ လူဦးရေ တသောင်းလောက်ရှိတဲ့ ကျန်လူမျိုးတမျိုးကို ကိုယ်စားလှယ် တယောက်ပါခွင့်ရမယ် ။ ဒီတော့ တိုင်းရင်းသားတွေ ဘက်ကကြည့်ရင် ကိုယ်စားပြုခွင့် အတော်လေး ရထားတယ် ။ ဒါပေမယ့် အာဏာခွဲဝေပေးထားတာတော့ နည်းလွန်းတယ်လို့ ပြောကြတယ် ။ ထပ်တိုးတောင်းပေမယ့် မရခဲ့ကြဘူး ။
ဒီနေရာမှာ ကျုပ်စိတ်ထဲ ဒီလောက်အစိတ်စိတ်ခွဲပြီးမှ ပြန်ပေါင်းထားတာ ဒီအစိုးရအဖွဲ့ အင်အားရှိပါ့ မလား ၊ ဘေးက အာဆီယံတွေနဲ့ ယှဉ်နိုင်ပါ့မလား ၊ ဒို့တတွေ လူမျိုးရေးစိတ် သိပ်ပြင်းနေလား ၊ အခြားနိုင်ငံတွေမှာရော ဒီလို လူမျိုးအခြေခံပြီး ဖွဲ့တာရှိလား ၊ ရှိရင် သူတို့ရော အဲဒီစံနစ်နဲ့ တနိုင်ငံလုံးတိုးတက်အောင် လုပ်နိုင်ကြရဲ့လား ၊ နအဖ က တမင် နောက်အစိုးရ အင်အားမရှိအောင် အကွက်ဆင်ထားတာများလား၊ တယောက်နဲ့တယောက် မယုံရရင် ဒီလိုပဲဖြစ်မှာပဲလား ၊ တခြားနည်းမရှိတော့ဘူးလား တွေးမိတယ် ။ စုစုစည်းစည်းနဲ့ အင်အားရှိမယ့် အစိုးရဖွဲ့ပြီး လူတယောက်ချင်းစီနဲ့ တိုင်းရင်းသားတွေ အတွက် လျော့ပေါ့လို့ မရမယ့် အခွင့်အရေးတွေကို အခြေခံဥပဒေထဲ ထည့်ရေးထားရင် ကောင်းမလား စဉ်းစားမိတယ် ၊ သင့်မသင့် ပညာရှင်တွေကို မေးချင်လာတယ် ။
ဘယ်သူမှ လက်မခံနိုင်တဲ့ ကိစ္စကတော့ အမျိုးသားနိုင်ငံရေးကို တပ်မတော်က ဦးဆောင်မယ် ဆိုတာကိုပဲ။ ငါလည်းပါမယ် မဟုတ်ဘူး ၊ ဦးဆောင်ချင်တာ ၊ ထိပ်ကဦးဆောင်မှာ မဟုတ်ဘူး ၊ ပြည်ထောင်စု အဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့် ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဆင့် ၊ ခရိုင်အဆင့် အထိ နေရာတိုင်းမှာဦးဆောင်မှာ။ အောက်ဆုံးမြို့နယ် အဆင့်မှာပဲ အရပ်သားတွေချည်း နေလို့ရမယ် ။ သူတို့ပါတဲ့ အဆင့်တိုင်းမှာ အရပ်သားအမတ်တွေလို ဘာအရည်အချင်းမှပြစရာမလို ၊ လူထုကိုလည်း ဘာမှ ကတိတွေပေးစရာမလို ၊ အစိုးရ အလုပ်ကလည်းထွက်စရာမလို ၊ နိုင်ငံပိုင်ပစ္စည်း တွေလည်းပြန်အပ်စရာမလို၊ စစ်တပ်ကိုသစ္စာရှိရုံသက်သက်နဲ့ ဝင်ပြီးဦးဆောင်နေမဲ့ အမတ် လေးပုံတပုံ ၊ဝန်ကြီးလေးယောက် နဲ့ ဒုဝန်ကြီးလေးယောက် ကိစ္စပဲ ဖြစ်ပါတယ်။ သူတို့က ပြည်သူလူထုမျက်နှာ ကြည့်မည့်ပြည်သူ့အမတ်တွေလား၊ အထက်ကခိုင်းတဲ့ အတိုင်း အတင်းအဓမ္မ အကောင်အထည်ဖေါ်မဲ့ သူတွေလား ။ ခရိုင်အထိပါမယ်ဆိုတော့ အခု နအဖ အုပ်ချုပ်ရေးနဲ့ ဘာကွာမှာလဲ ၊ အခုလည်း စစ်တပ်က ခရိုင်အထိအုပ်ချုပ်တယ် ။ မြို့နယ်ထွေအုပ် အဆင့်မှာ တပ်ထွက် တွေကိုထားတာများတယ် ။ နောင်မှာ ထွေအုပ် ဥက္ကဌ တွေက တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ တွေရဲ့ အတွင်းရေးမှုးတွေဖြစ်လာမယ် ဆိုတော့ ကာရန်မသင့်ရင် မြို့နယ်က ရွေးလိုက်တဲ့ အမတ် က ထွေအုပ်ရုံးမှာ ထိုင်ရရုံလေး ဖြစ်နေမှာ စိုးရတယ်။ သတင်းပေး ၊ စွမ်းအားရှင်စုပေးရတဲ့ ထွေအုပ်တွေနဲ့ပေါ့ ။
နောက်တခုက ဒီ စစ်သား၂၅%ကိုနောင်မှာလျော့ချင်ရင် ဖွဲ့စည်းပုံကို ပြင်ရမယ် ၊ ပြင်ရင် အမတ်၇၅%ကျော်က ထောက်ခံရမယ် ၊ ဒီတော့ စစ်သား၂၅% ကိုယ်တိုင်က သူတို့ကိုဖြုတ်ဖို့ သူတို့ကိုယ်တိုင် မဲပြန်ပေးမှ ရမယ် ။ ကျုပ်တော့ မထင် ။ ပြီးတော့ ဒီ စစ်တပ်အမတ်စံနစ်ကို စတင်တီထွင်ပြီးကျင့်သုံးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ကတောင် ‘အဲဒီစံနစ် မကောင်းလို့ ဖျက်ပစ်လိုက်ပါပြီ ၊ အဲဒီစံနစ်ရဲ့ ဆိုးကျိုးတွေကို မြန်မာအစိုးရသိချင်ရင် ပြောပြပါမယ် ၊ ကျွန်တော်တို့ကို လာမေးပါလို့ ’ ကမ်းလှမ်းထားပါတယ် ။
တိုင်းပြည်အတွက် အသက်ပေးပြီး ကာကွယ်လာတဲ့ စစ်သားတွေကို ရွှေတွေငွေတွေ ပုံပေးပြီး ကျေးဇူးဆပ်တာ လက်ခံနိုင်တယ် ၊ အစိုးရ ရာထူးတနေရာကို မလုပ်နိုင်ပဲ ပေးတာတော့ မကောင်းပါ ၊ သူက လုပ်ငန်းမနိုင်တော့ သတင်းပေးနဲ့ အုပ်ချုပ် ၊ လာဘ်ပေးလာဘ်ယူ ကောင်းအောင် ဆရာမွေး၊တပည့်မွေးလုပ်၊ ဆုံးဖြတ်ချက်မှားလို့ ပျက်စီးသွားတဲ့ လုပ်ငန်းတွေ အတွက် အစီရင်ခံစာ အလိမ်တွေတင်၊ သူ့အထက်က ဒီအစီရင်ခံစာအလိမ်တွေပေါ် အခြေခံပြီး ဆုံးဖြတ်တော့ ထပ်မှား ၊ သူတို့ ညံ့လို့ ဆုံးရှုံးသမျှကို ပြည်သူလူထုက လှိမ့်ခံနဲ့ သူတောင်းစားနိုင်ငံဖြစ်၊ သူတို့နဲ့ သူတို့ဆွေမျိုး ၊ အောက်ဆွဲတွေက ချမ်းသာ ၊ မခံနိုင်လို့ပြန်ပြောရင် တုတ်နဲ့ရိုက် ၊ထောင်ချ ၊ တော်ပါဗျို့။ စေတနာကို ကျေးဇူးတင်ပါတယ် ၊ ဦးတော့မဆောင်ပါနဲ့ ။ ဒါပေမယ့် ဒါဟာ ကိုယ်ပိုင်အရည်အချင်းရှိတဲ့ စစ်သားတွေ အတွက်တော့ ကြောက်စရာ မရှိပါဘူး ။ အရည်အချင်းမရှိဘဲ အချောင် ရာထူးနဲ့ ပိုက်ဆံတွေရနေတဲ့ စစ်သားတွေကတော့ ရုပ်ရှင်ထဲက လူသွေးမြည်းဘူးတဲ့ သွေးစုတ်ဖုတ်ကောင် တွေလို ဖြစ်နေလောက်ပြီ၊ ပြန်ထုတ်လို့မှ ရပါဦးမလား ၊ အမှောင်ညပျောက်လို့ နေ့အလင်းရောက်ရင် စစ်တပ်ကိုပူးကပ်နေတဲ့ ဖုတ်သဘက်တွေ ထွက်ပြေးရမှာပါ ၊ အခုဖွဲ့စည်းပုံကတော့ နေ့ဘက်မှာ ဝင်အိပ်ဘို့ အခေါင်း ဝယ်တာဖြစ်ပါတယ်၊ ဒါကိုဖျက်နိုင်ရင် စစ်တပ်ကိုလည်း သူတို့အရမ်းဖြစ်ချင်တဲ့ ပြည်သူ့တပ်မတော် တကယ်ဖြစ်လာအောင် ကူညီရာလည်း ရောက်ပါတယ် ။
တကယ်တော့ အရည်အချင်းအရှိဆုံး ၊ အသင့်တော်ဆုံးသူတွေသာ နိုင်ငံကို ဦးဆောင်မည်လို့ ဖြစ်သင့်ပါတယ်၊ ဘာတိုင်းရင်းသားပဲ ဖြစ်ဖြစ် ၊ ဘာပဲကိုးကွယ်ကိုးကွယ် ၊ ဘယ်အဖွဲ့ကပဲလာလာ ၊ အလုပ်တခုကို အကောင်းဆုံးဦးဆောင်နိုင်သူသာ နေရာရသင့်ပါတယ် ။
သမ္မတလောင်းသုံးယောက်မှာ တယောက်ကို စစ်တပ်က တင်မယ် ၊ သမ္မတက တရားသူကြီးချုပ်ကို ခန့်မယ် (တရားရေးက အုပ်ချုပ်ရေးအောက်ရောက်သွားမယ် ) ၊ သမ္မတကပဲ တိုင်း / ပြည်နယ် ဝန်ကြီးချုပ်ကိုခန့်မယ် ( ပြည်နယ်တွေက ကိုယ်ကြိုက်တဲ့လူ ရွေးတင်ချင်တယ် ) ၊ ကာကွယ်ရေးဝန်ကြီးကို ကာကွယ်ရေးဦးစီးချုပ်က ရွေးပေးမယ် စသည်ဖြင့် ဘုရားကအောက် ၊ မျောက်ကအထက် ဖြစ်နေတာတွေ ၊ ပြန်ညှိကြဖို့လိုတာတွေ လည်း အများကြီးပါတယ်လို့ ပညာရှင်တွေက ထောက်ပြတာ ဖတ်ရပါတယ် ။ အနိုင်ရလို့ အစိုးရဖွဲ့တဲ့ ပါတီနဲ့ အနည်းစုရလို့ အတိုက်အခံဖြစ်တဲ့ ပါတီဆိုပြီး အင်အားညှိထားတဲ့ ဒီမိုကရေစီ စံနစ်ရဲ့ သဘောသဘာဝ လည်း မပါဘူးလို့ တချို့က ထောက်ပြတာလည်း ရှိပါတယ် ။ သမ္မတ ကစစ်ရေး အတွေ့အကြုံ ရှိရမယ်ကနေ စစ်ရေးအမြင်ရှိရမယ်လို့ ပြောင်းသွားတာတော့ ကောင်းပါတယ် ။ စစ်သားတွေ အစိုးရထဲဝင်ပါလို့ရပေမယ့် အစိုးရက စစ်တပ်ရဲ့ ဘယ်ကိစ္စမှာမှဝင်ပါလို့ မရစေရတဲ့ ။ ဒါကျတော့ ကိုယ်ကြိုက်ရာ ကိုယ်လုပ်မှာပဲတဲ့ ။ ဒေါက်တာမောင်မောင်က ၄၇ အဖွင့်မှာ “ဒီမိုကရေစီနိုင်ငံတွင် လက်နက်ကိုင် တပ်ပေါင်းစုသည် ပြည်သူတို့က ရွေးကောက်တင်မြှောက်သော ပါလီမန် နှင့် ၎င်းပါလီမန်က တဆင့် တင်မြှောက်သော အစိုးရ အဖွဲ့တို့၏ အုပ်ချုပ်မှုအောက်တွင် ရှိရသည် ။ ပါလီမန်က ခွင့်မပြုဘဲလည်း တပ်ပေါင်းစုကို တိုးချဲ့ခြင်းမပြုရ ။ ပါလီမန်က ခွင့်ပြုသောငွေကိုသုံးစွဲ၍ ပါလီမန်က သဘောတူသော တပ်အင်အားကိုသာ ထားရသည်။ ” လို့ ရှင်းပါတယ် ။ အခုစစ်တပ်စိတ်တိုင်းကျ ဖွဲ့စည်းပုံမှာတော့ စစ်တပ်ဟာ ငါ့မြင်းငါစိုင်း လုပ်မယ်လို့ ရေးထားတယ် ။ လက်နက်ကိုင်တပ်အားလုံး ( ရဲ ၊ ထောက်လှမ်းရေး ) အားလုံး စစ်တပ် က အုပ်ချုပ်မယ်တဲ့ ။ ဒါဆိုရင် စစ်သား၊ စစ်ဗိုလ်တယောက်ယောက် မဟုတ်တာလုပ်ရင် ဘယ်သူက လိုက်ဖမ်းမှာလဲ ၊ ဖမ်းမိရင်တော့ စစ်ဘက်တရားစီရင်ရေးနဲ့ လုပ်မယ်ဆိုတယ် ၊ ဒါပေမယ့် စစ်ဘက်တရားစီရင်ရေး က ပြည်ထောင်စုတရားလွှတ်တော်ချုပ် ထက်မြင့်နေတယ် ၊ ကာကွယ်ရေး ဦးစီးချုပ်ဆုံးဖြတ်တာ အပြီးပဲတဲ့ ။ အခုလက်ရှိ စစ်တပ်ရဲ့ စည်းကမ်းရှိပုံ ၊ လက်ရှိကာကွယ်ရေး ဦးစီးချုပ်ရဲ့ သမာသမတ်ကျကျ ဆုံးဖြတ်တတ်ပုံ နဲ့ ဟပ်ကြည့် လိုက်ရင် တိုင်းပြည်အနာဂတ် အတွက် ရင်လေးစရာ ကြီးပါ ။ အဆိုးတကာ့အဆိုးဆုံးကတော့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကော်မတီ ဆိုတာပါပဲ ။ အဖွဲ့ဝင် ၁၁ ယောက်မှာ ၇ ယောက်က သေချာပေါက် စစ်သား ၊ ကျန်တဲ့ ၄ ဦးမှာလည်း စစ်သားဘယ်နှစ်ယောက် ထပ်ပါဦးမလဲ မသိ ၊ အဖွဲ့ဝင် နည်းပေမယ့် လုပ်ပိုင်ခွင့်က အဆုံးစွန်ထိ ၊ ကြိုက်တဲ့ဒေသမှာ အနည်းဆုံး ၂ လလောက်စစ်အုပ်ချုပ်ရေးကြေညာလို့ ရတယ် ( နောက်မှလွှတ်တော်ကို အတည်ပြု ခိုင်းလို့ ရတယ် ) ၊ တနိုင်ငံလုံးကို အနည်းဆုံးတနှစ် ကနေ အများဆုံး ၂နှစ်အထိ စစ်အုပ်ချုပ်ရေးကြေညာလို့ ရတယ် ( အဲဒီလို ကြေညာလိုက်ရင် လွှတ်တော်တွေက အာဏာမဲ့ ဖြစ်သွားမယ် ၊ အချုပ်အချာအာဏာသုံးခုစလုံးကို စစ်တပ်က ရသွားတယ် ၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွေ ထုတ်လို့ရတယ် ၊ ပြည်သူ့အခြေခံအခွင့်အရေးတွေကို ကန့်သတ်ခွင့် ရှိတယ် ၊ သူတို့ပြန်လွှဲမှ လွှတ်တော်ပြန်ခေါ်လို့ ရမယ် ၊ ကြောက်စရာကြီးပဲ ။ ဆူပူသောင်းကျန်းရင် အဲဒီလိုလုပ်မှာလို့ပြောတယ် ၊ ဖတ်တာနဲ့တင် ကျောထဲစိမ့်သွားတယ် ၊ အဲဒီလို လုပ်ပိုင်ခွင့်မျိုးကို ဒီထက် ပိုပြီး ထိန်းသိမ်းကန့်သတ်ထားသင့်တယ် ထင်ကြောင်းပါ ။
ဖွဲ့စည်းပုံဥပဒေဟာ လက်ရှိပုဂ္ဂိုလ် ၊ အဖွဲ့ကိုပဲ အစွဲ၊အငြိုး ထားပြီး မရေးသင့်ဘူး ၊ ရေးရင် နောင်လာမယ့် ကိုယ့်လူမျိုးအဆက်ဆက် အတွက်ဒုက္ခပေး တတ်တယ် ။ အခု အမျိုးသားညီလာခံမူ ဖွဲ့စည်းပုံဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အငြိုးထားတာ တွေ့နေရတယ် ။ အခုဖွဲ့စည်းပုံမှာ နိုင်ငံခြားသားနဲ့ ယူခဲ့သူ သမ္မတ လုပ်လို့ မရစေရ လို့ရေးထားတယ် ။ ၁၉၄၇ ဖွဲ့စည်းပုံမှာ သမ္မတလောင်းဟာ မိမိကိုယ်တိုင်နဲ့ မိဘနှစ်ပါးစလုံး နိုင်ငံသားဖြစ်ရမယ်လို့ ပါရှိတယ် ။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ မြန်မာပြည်မှာနေတဲ့ တရုတ်၊ ကုလား ၊အင်္ဂလိပ်ကပြား တွေ အတွက် အမတ်နေရာ သီးသန့် လုပ်ပေးထားတယ် ။ လွတ်လပ်ရေးရတော့ အဲဒီ အမတ်နေရာတွေ မထားတော့ဘူး ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းတို့က ဒီလို ရေးခဲ့တာဖြစ်တယ် ၊ ဒါကို နအဖ က သမ္မတလောင်း ကိုယ်တိုင်နဲ့ သူ့ သား၊သမီးတွေပါ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားသူမဖြစ်ရလို့ လူကိုကြည့်ပြီး ဖြည့်လိုက်တာဖြစ်ပါတယ် ။ ဒါဟာ လိုရာဆွဲယူပြီး ညစ်တာဖြစ်တယ်၊ အဖေရဲ့ စိပ်ပုတီးနဲ့ သမီးကို လည်ပင်းညှစ်သတ်ဖို့ကြိုးစားတာ ဖြစ်တယ် ။ အမှန်ဆို ‘ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးက အန်တီ မပါစေနဲ့လို့ မှာထားပါတယ်’ လို့ ပြောလိုရင်း ဖြစ်ပါလိမ့်မယ် ။ ‘ ဒီစည်းကမ်းဟာ အခုခေတ်နဲ့ မကိုက်ညီဘူး ၊ အာဆီယံနိုင်ငံတွေ ကြားမှာတောင် အူကြောင်ကြောင်ကြီးဖြစ်နေတယ်’ လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ပြောခဲ့ပါတယ်။ ပြီးတော့ အတိအကျဖေါ်ပြမထားတဲ့ အချို့ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ် ခံရဘူးသူတွေ အမတ်ဝင်ရွေးခွင့် မရှိလို့ ရေးထားပါတယ်။ နိုင်ငံရေးအကျဉ်းသားမရှိ ၊ ပြစ်မှုတခုခုကျူးလွန်သူတွေပဲ ထောင်ချတဲ့ ဒီတိုင်းပြည်မှာ ဒီလိုပြောတာ မခက်လား ။
၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကိုတော့ မေ့လိုက်ကြပြီး ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲကော်မရှင်က ဝင်အရွေးခံခွင့် မရှိလို့ ဆုံးဖြတ်ထားခံရထားသူတွေ အခုလည်း အဲဒီအတိုင်း အတည်ဖြစ်ဆဲပဲလို့ ရေးထားသေးတယ် ။ အတော်မျက်နှာပြောင်တဲ့လူတွေပဲလို့ တွေးမိတယ် ။
အခုအသစ်ထွက်တဲ့ ဆန္ဒခံယူပွဲ ဥပဒေကိုလည်း ပညာရှင်တွေ ဝေဖန်ထားတာ ဖတ်ချင်ပါတယ် ။ အဲဒီမှာ ဆန္ဒခံယူပွဲကို ပျက်အောင်ဟောပြောရင် ထောင် ၃ နှစ်လို့ ပါတယ် ။ နိုင်ငံတကာက စောင့်ကြည့်သူတွေကိုတော့ လာခွင့်မပြုဘူးလို့ နအဖ က ပြောလိုက်ပါပြီ ။
မဲပေးခွင့်ရှိတဲ့ လူအားလုံးရဲ့ ၅၀% ထောက်ခံမှ အတည်ဖြစ်မှာဆိုတော့ မဲသွားမပေးတာရော ၊ ကန့်ကွက်မဲထည့်တာရော ဟာ အတည်မပြုဖြစ်အောင် ဆန္ဒပေးတာခြင်းတူတယ်လို့ ယူဆပါတယ် ။ မဲမပေးသူ နဲ့ ကန့်ကွက်သူ အားလုံးပေါင်းဟာ မဲပေးခွင့်ရှိတဲ့လူအားလုံးရဲ့ ထက်ဝက် ထက်ကျော်ရင် အတည်မဖြစ်တော့ပါ။ ဒီတော့ “ငါတို့ ၁၉၉၀ တုန်းက တခါပေးပြီးသား ၊ အဲဒီရလာဒ်ကို အရင်အကောင်အထည်ဖေါ်စမ်းပါဦး” လို့ ပြောချင်ရင် မဲသွားမပေးပဲ အိမ်မှာ အိပ်နေရုံပါပဲ ၊ ဒါမှမဟုတ် “အေး ၊ ရွေးကောက်ပွဲအသစ်လုပ်ချင်ရင်လုပ် ၊ မတရားတော့မလုပ်နဲ့” လို့ပြောချင်ရင်တော့ မဲရုံကိုသွားပြီး ကန့်ကွက်မဲသာ ပေးလိုက်ပါ ။ နအဖ က သူ့အခြေခံမူ တချက်မှပြင်မပေးနိုင်ဘူးလို့ တကမ္ဘာလုံးကိုပြောလိုက်ပြီးပြီဆိုတော့ ကျုပ်တို့ကလည်း “တချက်မှ မပြင်ရင် တမဲမှ မရစေရဘူးလို့ ပြန်ပြောရုံပဲ ရှိတော့တာပေါ့ ။ လမ်းပေါ်ထွက်ပြီး တုတ်နဲ့အရိုက်ခံ ၊ သေနတ်နဲ့အပစ်ခံပြီး ဆန္ဒမပြရဲပေမယ့် မဲရုံထဲမှာတော့ ကိုယ့်ရဲ့တကယ့် ဆန္ဒကို ပြကြ ရအောင်ပါ ။ အမျိုးသားညီလာခံမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ အန္တရာယ်ကို ပြည်သူအားလုံး သဘောပေါက်အောင် ရှင်းပြတာဟာ အခုလောလောဆယ်အတွက် အရေးအကြီးဆုံးလို့ ထင်ပါတယ် ။ ကျန်တာကို ပြည်သူလူထုက ဆုံးဖြတ်မှာ ဖြစ်ပြီး ကျွန်တော်တို့ အားလုံးက အဲဒီအဆုံးအဖြတ်ကို လေးစားလိုက်နာကြရမှာ ဖြစ်ပါတယ် ။ နအဖ လိုက်နာမနာကတော့ မသေချာပါ ။
ဒီလို အားလုံးဝိုင်းကန့်ကွက်လိုက်လို့ အတည်မပြုနိုင်လျှင် လက်ရှိမူကို ပြင်ဆင်ရန် မဖြစ်မနေ ကြိုးစား လာရမှာပဲ ။အဲဒီ အချိန်မှာ ပြည်သူအများစုလက်ခံနိုင်သော မူတခု ကျွန်တော်တို့ဘက်တွင် အဆင်သင့်ရှိပြီး ဖြစ်နေသင့်ပါသည် ။ ထိုမူနှစ်ခုကို လက်တွေ့အလုပ်လည်းဖြစ် ၊ အများလည်းကျေနပ်သော မူတစ်ခုတည်းဖြစ်အောင် ပေါင်းစပ်နိုင်ကြရမည် ဖြစ်ပါသည် ။ ထို့ကြောင့် ယခုကဲ့သို့ အမျိုးသားညီလာခံမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုဝေဖန်သုံးသပ်ရင်း မိမိတို့ အိမ်တွင်းတွင် အစစ်အမှန်အမျိုးသားညီလာခံ အသေးလေးများ ကျင်းပခြင်းဖြင့် တကယ်ဖြစ်သင့်သော ဖွဲ့စည်းပုံတခုကိုလည်း ဖော်ထုတ်ကြပါစို့ ။
မတော်တဆ ဤဖွဲ့စည်းပုံ အတည်ဖြစ်သွားပြီး ရွေးကောက်ပွဲလုပ်လျှင်လည်း တိုင်းရင်းသားများ၏ လူမျိုးရေးစိတ် ပြင်းထန်မှုကြောင့် မဲများအကွဲကွဲအပြားပြား ဖြစ်သွားနိုင်ချေကို နအဖ က အားပြု၍ လုပ်ခြင်းဖြစ်သည်ဟု ယုံကြည်ခြင်းကြောင့် အချင်းချင်း စည်းစည်းလုံးလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် လုပ်ကြပါဟု မေတ္တာရပ်ခံလိုပါသည် ။
( အမှားပါလျှင်ပြင်ပေးပါ ၊ ရိုင်းသွားလျှင် ဆုံးမပါ ၊ အမျိုးသားညီလာခံမူ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းရှင်းလင်းရေးသားပြသော ပညာရှင်များကို ကျေးဇူးတင်ပါသည် ။ )
လေးစားစွာဖြင့်
ရွှေဘ

Friday, October 12, 2007

Letter to Media

Editor Sir,

You can call us pessimists, but we would like to express our worries over future of Myanmar.At 5753rd meeting of Security Council held on Friday, 5 October 2007, Mr.Gambari said ;The Council is already aware of the following key areas in which I have been encouraging the Government to make tangible progress:
first, the release of all political prisoners, including those arrested in the course of recent demonstrations;
secondly, the promotion of an all-inclusive national reconciliation process;
thirdly, full cooperation with, and better access for, humanitarian organizations;
fourthly, the cessation of hostilities in conflict areas, including in Kayin State; and
fifthly, continued cooperation with the International Labour Organization.
These are great encouraging words for all Myanmar people. Yet, we can't be very happy as we see SPDC's furtive advances.We wish they are just our hallucinations.
Next to every release of arrested protesters, more arrest and night raids are still occurring. SPDC's newspapers are telling us clearly that they are going to imprison everyone who had active participation in the September 07 demonstrations. Security Council can, in no way, hope to see the release of any political prisoners.
General Than Shwe has condescended to negotiate with Daw Aung San Su Kyi. We suspect this is their old trick for alleviating the impending action from Security Council. After the action has been successfully averted, they will indefinitely prolong the negotiating process by setting unconscionable conditions as they already did.We can hope to see little or no changes in all five areas.
We can see that SPDC is uniting with North Korea, Cuba and Iran. The dishonorable ambition is to form an anti-western alliance in case ASEAN dump him and to secure nuclear power to fend off possible but improbable US invasion.Now, China and Myanmar threaten the whole world that Myanmar will quit UN if Security Council takes harsh measure against its blatant violation of human rights. We can sense, in SPDC's announcements, their motive to disband present NLD by declaring it illegal and thence automatically nullifying the 1990 election results. Then, they can take advantage on weakness of new re-formed NLD in upcoming referendum and election which are sure to be rigged if held without international close-up monitoring. We have rumors of SPDC's moles in local UN units. They are going to stick to their old SML ( Steal, Murder and Lie ). And yet, Mr. Wang Guangya believes "The current situation does not pose any threat to international or regional peace and security. The future of Myanmar lies in the hands of its people and its Government." We doubt the sincerity in his belief. Why Chinese government is helping Myanmar Junta ?
1. They believe democracy activists in Myanmar are not likely to win
2. They want Myanmar as an anti-western stronghold
3. They want Myanmar's help to secure Tibet and Yunnan
4. They want Arakan sea ports
5. They want to buy "TEAR GAS" from Myanmar
6. They don't want an Umbrella Sanction to destroy China's current headstart in trade with Myanmar
7. They want to avoid another Tiananmen uprising in China which was inspired by 8888 uprising in Myanmar
8. They want Myanmar's embrace for chinese residents in Myanmar
Some of these facts may apply to India and to some ASEAN countries too.But, in their desperate efforts in cooking favors with Myanmar Junta to get a chance for "Fishing in the troubled water", they are unwittingly antagonizing the people of Myanmar. In Mr.B.Raman's words;"In Myanmar, it is not just normal business with the military junta. We have been pampering it and showing undue sensitivity to it by avoiding active interactions with the civil society and pro-democracy elements and by avoiding any articulation of our views on Su Kyi and the pro-democracy movement.
Ref: http://www.outlookindia.com/full.asp?fodname=20070720&fname=raman&sid=1&pn=2
We are afraid they might face adverse effects from Myanmar when democratic forces won the days.
These are our view and you can take us as paranoiacs. But, please remember SPDC's leaders are much worse sociopaths.We don't want gentlemen in Security Council to under-estimate the malevolence the Junta is capable of. Has anyone foreseen that North Korea will become this way ?We want UN peace-keeping forces in Myanmar.

With Respects,
A Group of Private Citizens in Myanmar.